မိုင်းဆတ် ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နယ်လှည့်ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အ.လ.က(နားကော)ကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ပြည်သူ့နီတိနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သစ်သစ်စိုးက ပလတ်စတစ်ဆိုသည်မှာ လူတို့ ဖန်တီးပြုလုပ်ထားသည့် အော်ဂဲနစ် ပိုလီမာတစ်မျိုးဖြစ်ကြောင်း၊ တစ်ခါ သုံးပလတ်စတစ်သည် တစ်ကြိမ်တစ်ခါသာအသုံးပြုရန် ဖန်တီးထား ကြောင်း၊ စွန့်ပစ်ရလွယ်ကူကြောင်း၊ နေရာတိုင်းဝယ်ယူရရှိနိုင်ခြင်းကြောင့် ကျယ်ပြန့်စွာသုံးစွဲ နေကြောင်း၊ ပလတ်စတစ် အားသာချက်မှာ အစိုဓာတ်နဲ့ အပူဒဏ်အသင့်အသင့်ကိုခံနိုင်ကြောင်း၊ ထုပ်ပိုးရလွယ်ကူကြောင်း၊ ပလတ်စတစ် အားနည်းချက်သည် မီးလောင်လွယ်ပြီး ဆွေးမြေ့ပျက်စီးမှု အချိန်ကြာမြှင့်ကြောင်း၊ အန္တရာယ်ရှိသည့် ဓာတုဒြပ်ပေါင်းများ ပါဝင်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုပြီး သုတ၊ ရသ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုကြကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)