မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် နိုင်ငံသားစိစစ်ရေးသက်သေခံကတ်ပြားဆောင်ရွက်ရေး ပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

မုံးကိုး ဩဂုတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမှတ်(၉၉)ခြေလျင်တပ်မဌာနချုပ်နှင့် ဌာနေကွတ်ခိုင်ပြည်သူ့စစ်အဖွဲ့မှကြီးမှူး‌၍ နိုင်ငံသားစိစစ်ရေးသက်သေခံကတ်ပြားဆောင်ရွက်ရေး ပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မုံးကိုးမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ပြုလုပ်သည်။

အခမ်းအနားတွင် အမှတ်(၉၉)ခြေလျင်တပ်မဌာနချုပ် ဒုတိယဦးစီးမှူး ဗိုလ်မှူးကြီးသန်းနိုင်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီလေးမှ ပန်းခင်းစီမံချက်၊ သက်သေခံကတ်ပြားအကြောင်းနှင့် ပတ်သက်၍ လည်းရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် သက်သေခံကတ်ပြားဆောင်ရွက်ပေးနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးညီလေးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အကျိုးကျေးဇူးနှင့် သတိပြုလိုက်နာရမည့်အချက်များအား ဆက်လက်ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီးဒေသခံတိုင်းရင်းသားများက နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးရန် သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ဖြေကြားသည်။ ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် ကုန်ကျစရိတ်များ လှူဒါန်း‌ပေးသည့် အလှူရှင်းများကိုယ်စား မုံးကိုးမြို့တရုတ်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျန်ဆန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးဦးညီလေး၊ မုံးကိုးမြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနယ်လ်ဆင်နှင့် မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ တရုတ်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျန်ဆန်းနှင့် အဖွဲ့အဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသည့် ဒေသခံတိုင်းရင်းသားများ စုစုပေါင်း(၈၀) ဦးတက်ရောက်ခဲ့ကြောင်းလည်း သိရပါသည်။

မေစံပယ်ဖူး (မုံးကိုး)