စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

စဉ့်ကိုင် ဩဂုတ် ၁၂

မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ဝန်ထမ်းများနှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေပြီး မှန်ကန်ထိရောက် မြန်ဆန်စေရန် ရုံးလုပ်ငန်းလက်စွဲပါအကြောင်းအရာများကို စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ရုံးလုပ်ငန်းများစနစ်တကျရှိရေး တညီတညွတ်တည်းလိုက်နာဆောင်ရွက်ကြရန်နှင့် ရုံးစာများရေးသားရာတွင် စာအထားအသိုများမှန်ကန်စေရန်၊ ရုံးလုပ်ငန်းတာဝန်များကို ထိရောက် မြန်ဆန်စွာဆောင်ရွက်နိုင်စေရန် ရုံးလုပ်ငန်းလက်စွဲပါ စာအုပ်စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်မှ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသော ရုံးလုပ်ငန်းလက်စွဲပါအခန်း(၅)မှ မှတ်တမ်းများကို အမျိုးအစားခွဲခြား သတ်မှတ်ခြင်း၊ မှတ်တမ်းများလွှဲပြောင်းခြင်းနှင့်လက်ခံခြင်း၊ ထိန်းသိမ်းထားရန်မလိုသည့် မှတ်တမ်းများကို စနစ်တကျဖျက်ဆီးခြင်း အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နှင်းအိအိခိုင်မှ အခန်း(၆)ပစ္စည်းမှာယူခြင်း၊ ပစ္စည်းစာရင်းထားရှိခြင်း၊ ပစ္စည်းသိုလှောင်ခြင်း၊ စာရင်းမှပယ်ဖျက်ခြင်းအကြောင်းအရာများကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးသီမှ အခန်း(၈)မှရေးသားခြင်းနှင့် အထားအသိုဆိုင်ရာစည်းကမ်းများ၊ စာမူကြမ်းရေးသားခြင်း၊ စာကိုအမည်ခံ၍ရေးသားခြင်းနှင့် လက်မှတ်ရေးထိုးခြင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်အေးအေးမိုးမှ အခန်း(၇)မှ ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များ၊ ရုံးစာရေးသားနည်းအမျိုးအစားများ၊ စာအထားအသို၊ အကြောင်းအရာခေါင်းစဉ်တပ်ခြင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးမိုး