မြဝတီ သြဂုတ် ၁၂
မြဝတီခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြဝတီခရိုင်နှင့်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (Y.M.B.A)တို့ ကြီးမှူး ကျင်းပသည့် (၆၁)နှစ်ပြည့်နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့် မေတ္တာအခါတော် ယနေ့နေ့လယ် ၁၂ နာရီက ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ကျက်သရေဆောင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီးရှိ၊ သာသနာ့ဟိတ ကာရီဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြသုခ(၂၇၅)တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တပညာနန္ဒထံမှ ၈ ပါးသီလခံယူဆောက်တည်ခြင်းနှင့် ပရိတ်တရားတော်များနာယူခြင်း၊ ဆရာတော်ကြီးများ၏ သြဝါဒတရားနာယူခြင်းတို့ကို ဆောင်ရွက်သည်။
ထို့နောက် ဆရာတော်၊သံဃာတော်များထံသို့ သင်္ဃန်းညီနောင်(အခြေချ)စစ်ဗျူဟာမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းနေလွင်၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုတ်သုန်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(Y.M.B.A) ဗဟို၊ ခရိုင်နှင့် မြို့နယ်အသင်း တို့မှ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြသုခ(၂၇၅)တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာနန္ဒထံမှ အနုမောဒနာတရားနာယူကာ သာသနာ့အောင်လံတင်လွှင့်ထူခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)