မြဝတီ သြဂုတ် ၁၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ မြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး အလှူငွေပေးအပ်ပွဲကို သာသနာ့ဟိတ ကာရီဗိမ္မာန်တော်တွင် ယမန်နေ့သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါခေါင် လပြည့် မေတ္တာအခါတော်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က လုံးတော်ပြည့် ရွှေသင်္ကန်းကပ် လှူနိုင်ရေး အတွက် အလှူတော်ငွေပေးအပ်ပွဲ ကျင်းပရခြင်းကိစ္စနှင့် သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထား သည်။
ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြသုခ (၂၇၅) တပ်ဦး ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာနန္ဒနှင့် ဆရာတော်ကြီးများထံမှ သြဝါဒများ နာယူကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များထံသို့ သင်္ဃန်းညီနောင် (အခြေချ) စစ်ဗျူဟာမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းနေလွင်၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးစောမုတ်သုန်၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း (Y.M.B.A) ဗဟို၊ ခရိုင်နှင့်မြို့နယ်အသင်းတို့မှ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ရွှေသင်္ကန်းအလှူတော်ငွေများအား အလှူရှင်များမှ ပေးအပ်လှူဒါန်းကြရာ သင်္ဃန်းညီနောင် (အခြေချ) စစ်ဗျူဟာမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းနေလွင်၊ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြသုခ (၂၇၅) တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တပညာနန္ဒထံမှ အနုမောဒနာတရားနာကြားပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းနိုင်ရေး ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၂၅၀၀ ခန့်ကုန်ကျမည်ဖြစ်ပြီး ယခုပထမအကြိမ် အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် ငွေကျပ် သိန်း ၆၀၀ ကျော်အလှူခံရရှိခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)