ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ ဧက ၆၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး ခတ်ချိုကျေးရွာရှိတောင်သူများနှင့် စိုက်ပျိုးရေးအသိပညာပေးဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း မိုးစပါးအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဝိုင်းမော် မြို့နယ်အတွင်း ဆောင်းသီးထပ်သီးနှံအဖြစ် ဆီးထွက်သီးနှံ နေကြာဧက ၆၀၀ ကျော်တိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့ ညနေ ၃ နာရီက ခတ်ချိုကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့် ခတ်ချိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

တောင်သူများအား အသိပညာပေးဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ခတ်ချိုဒေသသည် ရေခံမြေခံကောင်းမွန်ပြီး ဒေသစပါးထွက်ရှိမှု အားကောင်း ပါကြောင်း၊ ယနေ့ တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရိတ်သိမ်း ပြီးချိန်တွင် တောင်သူများ ဝင်ငွေတိုးပွား ရေးအတွက် ဆောင်းသီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးထုတ်လုပ်နိုင်ရေး တိုက်တွန်းလိုပါ ကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် မျိုးကောင်းမျိုးသန့်၊ ဓာတ်မြေသြဇာ၊ စိုက်ပျိုးရေနှင့် ဈေးကွက်တင်ပို့နိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူအကျိုးစီးပွား မြင့်မားရေးနှင့် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ဆောင်းရာသီတွင် သီးထပ်သီးနှံ နေကြာသီးနှံ စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးသွင်းအားစုများ ကူညီပံ့ပိုးပေးသွားမည့် အစီအစဉ်များ၊ ဆီစားသုံးမှုဖူလုံရေးနှင့် တောင်သူများ အကျိုးဖြစ်ထွန်းနိုင်သည့် အခြေအနေများကို အသိပညာပေးဆွေးနွေးပြီး ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူကြွယ်က စိုက်ပျိုးရေလုံလောက်မှုရှိစေရေး ဝါရှောင်ရေလွှဲဆည်နှင့် နန့်လွန်းဆည်တို့မှ မြောင်းလက် တံများဖြင့် သွယ်တန်းရေပေးဝေရေး တိုးချဲ့ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တောင်သူများက စိုက်ပျိုးရေလိုအပ်ချက်၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေး ရမည့် ကိစ္စရပ်များ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအတွက် နေကြာမျိုးစေ့များနှင့် သီးနှံမျိုးစေ့များကို ဖြန့်ဝေ ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝိုင်းမော်မြို့နယ်အတွင်းရှိ  မှော်ဘီ-၂ မျိုးစေ့ထုတ် စိုက်ခင်းဖြစ်ထွန်းအောင်မြင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်  ပြည်နယ်အတွင်း နေကြာသီးနှံ ဧက ၁၀၀၀၀ ကျော် တိုးချဲ့ စိုက်ပျိုးနိုင် ရေးအတွက် ပြည်နယ်/ခရိုင်/မြို့နယ်/ရပ်/ကျေးရွာအဆင့်အထိ စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်း၍ စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပြီး မြစ်ကြီးနားခရိုင်အတွင်း နေကြာသီးနှံကို မူလလျာထားဧက ၃၀၆ ဧကမှ ဧက ၈၀၀ ကျော်ထိ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဝိုင်းမော်မြို့နယ်တွင် နေကြာသီးနှံကို မူလလျာထားဧက ထက် ဧကပေါင်း ၆၀၀ ကျော် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)