မိုးမောက်မြို့၌ Mask တပ်ဆင်ခြင်းမရှိဘဲ မြို့တွင်းသွားလာသူများအား ဒဏ်ငွေပေးဆောင်စေခြင်း ဖြင့် အရေးယူဆောင်ရွက်

မိုးမောက်    စက်တင်ဘာ       ၁၁

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် အလင်းကောင်ရပ်ကွက် မြို့မစျေးရှေ့တွင်  ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉  စစ်ဆေး ရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ပြီး Mask တပ်ဆင်ခြင်းမရှိဘဲ လမ်းပေါ်သွားလာသူများကို Mask (၃)ခုစီ ပေး၍ ဒဏ်ငွေ(၃၀၀၀)ကျပ် ပေးဆောင်စေခြင်းကို ယနေ့နံနက် (၁၀)နာရီမှမွန်းတည့် (၁၂)နာရီအထိ ဆောင်ရွက်ခဲ့သည်။

အရေးယူဆောင်ရွက်ခြင်းမပြုမီ စက်တင်ဘာပထမအပတ်မှစ၍ လမ်းပေါ်တွင်သွားလာ နေသူများအား Mask များဝေခြင်းနှင့် အသိပေးကြေညာ ခြင်းများ (၂)ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

အရေးယူဆောင်ရွက်ရာတွင် လူ(၅၀)ဦး စုစုပေါင်း (၁)သိန်း(၅)သောင်းကျပ် တိတိရရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ရန်ပုံငွေအဖြစ် ထားရှိမည် ဖြစ်ကြောင်းနှင့် နောက်အပတ်တွင် Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများအား ဒဏ်ငွေ (၅၀၀၀)ပေးဆောင်စေခြင်းဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နေ့စဉ်နံနက်(၁၀) နာရီတွင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

လွန်းနန်းထွေး