ဗန်းမော် ဩဂုတ် ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ ဆီထွက်သီးနှံစိုက်ဧကများ တိုးတက်လာစေရေး၊ တစ်ဧက အထွက်နှုန်း တိုးတက်လာစေရေးနှင့် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံလာစေရေး၊ ကျေးလက်နေ တောင်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး မိသားစုဝင်ငွေ တိုးတက်လာစေရန် ရည်ရွယ်၍ ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ စိုက်ပျိုးပညာပေးရေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဆီထွက်သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှုမြင့်မားရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဗန်းမော်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်က နိုင်ငံတော်၏ စီမံကိန်းသီးနှံဖြစ်သည့် နေကြာသီးနှံစိုက်ပျိုးရန် လျာထားဧကပြည့်မီစေရေးအတွက် ဒေသအတွင်း ဝမ်းစာဆီ ဖူလုံရေး၊ နေကြာသီးနှံကို သီးထပ်သီးညှပ်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာပြီး ဝင်ငွေတိုးတက်လာစေရေးနှင့် မိမိတို့ ခရိုင်အတွင်း၌ လျာထားဧကပြည့်မီ ကျော်လွန်နိုင်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ရန် အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီး ဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံ ဦးအေးမင်းက နေကြာမျိုးများအလိုက် အရည်အချင်းလက္ခဏာများနှင့် နေကြာမျိုး သန့်ထုတ်လုပ်ပုံကို လည်းကောင်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်စောနိုင်က နေကြာစိုက်ပျိုးနည်းစနစ် များနှင့် သဘာဝမြေပြု လုပ်သုံးစွဲနည်းများကို လည်းကောင်း၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်စန္ဒီဝင်းက နေကြာတွင် ကျရောက်တတ်သော ရောဂါပိုးမွှားများအကြောင်းနှင့် ကာကွယ်နှိမ်နင်းရေးနည်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဩဂုတ် ၁၂ ရက် ညနေပိုင်းအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဗန်းမော်ခရိုင် အတွင်းရှိ ဗန်းမော်၊ မိုးမောက်နှင့် မံစီမြို့နယ်တို့မှ စိုက်ပျိုးရေးဦးစီးဌာန ဝန်းထမ်းများ၊ အကျိုးဆောင် တောင်သူ များက သင်တန်းသား၊ သင်တန်းသူ(၃၂)ဦး တက်ရောက်ကြ သည်။
ဗန်းမော်ခရိုင်အတွင်း၌ နေကြာစိုက်ပျိုးရန် လျာထားမှုမှာ ဗန်းမော်မြို့နယ်တွင် ၃၃၅ ဧက၊ မိုးမောက် မြို့နယ်တွင် ၃၄၈ ဧက၊ မံစီမြို့နယ်တွင် ၂၁၈ ဧကနှင့် ရွှေကူမြို့နယ်တွင် ၁၃၂၆ ဧက နေကြာ စိုက်ပျိုးရန် စုစုပေါင်းလျာထားဧက (၂၂၂၇)ဧကရှိကြောင်း ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဗန်းမော်(ပြန်/ဆက်)