ဟားခါး သြဂုတ် ၁၂
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃ /၂၀၂၂) ကို ယမန်နေ့ ညနေ ၃ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးရုံးခန်း၌ ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက မိမိတို့ပြည်နယ်စားသုံးသူရေးရာ ကော်မတီအနေဖြင့် ယခင်ပြုလုပ်သည့် အစည်း အဝေး ဆုံးဖြတ်ချက်များအတိုင်း စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်စည်များနှင့် သက်တမ်းကုန် (Expire date)များ ရောင်းချမှုမရှိစေရေး အဖွဲ့လိုက် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရ သည့်အတွက် တာဝန်ရှိသူအားလုံးအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီး စားသုံးသူ ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွားကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ တတ်စွမ်း သလောက် ဆောင်ရွက်သွားရမည်ဖြစ်၍ အစည်းအဝေးတက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများနှင့် ကြုံတွေ့လာနိုင်သည့် အခက်အခဲ ပြဿနာများအပေါ် စားသုံးသူ ပြည်သူထုအကျိုး စီးပွားကာကွယ်နိုင်ရေးရှေ့ရှု၍ အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းရမည့် နည်းလမ်းများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စားသုံးသူရေးရာဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမိုးနိုင်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်ထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ဆွေးနွေးတင်ပြရာ ဆွေးနွေး တင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များက အကြံပြုဖြည့်စွက် ဆွေးနွေးကြပြီး စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများနှင့် သက်တမ်းကုန် (Expire date) များ ရောင်းချမှုမရှိစေရေး အဖွဲ့လိုက် ရှောင်တခင်စစ်ဆေး ဆောင်ရွက်ရမည့် အစီအမံများနှင့် သက်ဆိုင်ရာဌာနမှ စားသုံးကုန်အမျိုးအစားအလိုက် မြေပြင်အမှန်စျေးနှုန်းကို အပတ်စဉ်တင်ပြ ရန် ဆွေးနွေးဆုံးဖြတ်ကြပြီး ချင်းပြည်နယ် စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)