ကျောင်းသူ/သားများဉာဏ်ရည်ဖွံ့ဖြိုးရေးပြိုင်ပွဲများ အပတ်စဉ်ပြုလုပ်

တနင်္သာရီ ဩဂုတ် ၁၂

တနင်္သာရီတိုင်ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/သားများအနေဖြင့် အဖိတ်/ဥပုဒ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ ပြည်သူ့စာကြည့်တိုက်သို့ ယုံကြည်အားကိုးလာရောက်ကာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများကို လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ပျော်ရွှင်ဖွယ်ကစားနည်းများ ပြုလုပ်ပေးခဲ့သည်။

ကျောင်းပိတ်ရက်များတွင် မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမသို့ ပုံမှန်လာရောက်လေ့လာကြသည့် အ.ထ.က-တနင်္သာရီကျောင်းနှင့် အ.မ.က-ချောင်းငယ်တို့မှ မူလတန်းအဆင့် ကျောင်းသား/သူ(၂၂)ဦးတို့အား မြို့နယ်ပြန်/ဆက် ဦးစီးဌာနဒုဦးစီးမှူး ဒေါ်သီသီခိုင်နှင့် ဝန်ထမ်းများက ရုပ်ပုံပြပုံပြောပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ခြေတစ်ဘက်ထောက် ပြိုင်ပွဲတို့ဖြင့် လေ့ကျင့်ယှဉ်ပြိုင်ကစားစေခဲ့ရာ ကျောင်းသား/သူများက ပျော်ရွှင်စွာယှဉ်ပြိုင်ကစားကြကာ ဗလာစာအုပ်လက်ဆောင်ပေးအပ်ပြီး မှုန့်အာဟာရများကျွေးမွေးခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)