လှိုင်းဘွဲ ဩဂုတ် ၁၂
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဝါခေါင်လတွင်ကျင်းပလေ့ရှိသော ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို (၁၀-၈-၂၀၂၂)ရက်နေ့က ကွမ်ဘီကျေးရွာ၊ ကွမ်ဘီဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကို ကွမ်ဘီကျောင်းတိုက်ဆရာတော် ဦးဝိသုဒ္ဓါစာရ၊ ကွမ်ဘီကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လင်း၊ ကျေးရွာရပ်မိရပ်ဖ ဦးနောင်တီးနှင့် ရွာသူရွာသားများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို ကရင်အမျိုးသားသီချင်းသီဆို၍ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဦးဝိသုဒ္ဓါစာရမှ ဩဝါဒစကားမိန့်ကြားပြီး ကွမ်ဘီကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လင်းမှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ချည်ဖြူဖွဲ့မင်္ဂလာဖြစ်ပေါ်လာပုံကို ပိုးကရင်/စကော ကရင်ဘာသာစကားများဖြင့်လည်းကောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာတွင် ပါဝင်ပစ္စည်း(၇)မျိုးဖြစ်သော ကြံ၊ ရေ၊ ကောက်ညှင်းထုပ်၊ နတ်ပန်းညို၊ ချည်ဖြူ/ ချည်နီ၊ ထမင်းဆုပ်နှင့် ငှက်ပျောသီးတို့ပါဝင်ရခြင်းအကြောင်းအား ဆရာမတစ်ဦးမှ ရှင်းလင်းဖတ်ကြားခဲ့ပါသည်။
ထို့နောက် ဆရာတော်ဦးဝိသုဒ္ဓါစာရမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အဘိုးအဘွား (၇)ဦးနှင့် မြေး(၇)ဦးတို့မှ လိပ်ပြာခေါ်ပြီး ချည်ဖြူချည်နီတို့ဖြင့် လက်ချည်ခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
စောဖိုးခွါး (ပြန်/ဆက်)