ထားဝယ် သြဂုတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနှင့် တိုင်းဒေသကြီးအားကစားဆပ်ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂ဝ၂၂)ကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက တိုင်းဒေသကြီးအားကစားဆပ်ကော်မတီများ အနေဖြင့် ပြိုင်ပွဲဝင်အားကစားသမားများရရှိအောင် မွေးမြူမွေးထုတ်လေ့ကျင့်ပေးရန်လိုအပ်ကြောင်း၊ အားကစားရုံ/အားကစားကွင်းများပြင်ဆင်ရေး၊ မြေနေရာပိုင်ဆိုင်မှုရရှိရေး၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေစဉ်ကာလအတွင်း ကုန်ကျစရိတ်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအကြောင်း၊ တိုင်းဒေသကြီးအားကစားဆပ်ကော်မတီဖွဲ့စည်းထားရှိမှုအခြေအနေ၊ မြို့နယ်ပေါင်းစုံပြိုင်ပွဲ(၉)ပွဲ၊ ခရိုင်ပေါင်းစုံပြိုင်ပွဲ(၆)ပွဲ၊ ခရိုင်/မြို့နယ်လူရွေးပွဲ(၁၃)ပွဲ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအားကစားဆပ်ကော်မတီများက ကော်မတီအလိုက်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကြုံတွေ့နေရသောအခက်အခဲများအား ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)