နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းဆည်ရေသောက်စနစ်မှ ရေအသုံးချသူများအဖွဲ့နှင့်တွေ့ဆုံ

ဇေယျာသီရိ ဩဂုတ် ၁၂

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းဆည် ရေသောက်စနစ်မှ ရေအသုံး ချသူများအဖွဲ့နှင့်တွေ့ဆုံပွဲကို ရေဆင်းကျေးရွာ ရေဆင်းဆည် ရေလှောင်တမံ ရှင်းလင်းဆောင်၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ဇေယျာသီရိမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကြည်မောင်က ရေဆင်းဆည်မှ မိုးစပါးစိုက်ပျိုးရေပေးဝေမှုအခြေအနေနှင့် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မိမိတို့နိုင်ငံရဲ့ (၇၀)ရာခိုင်ဟာ ကျေးလက်နေတောင်သူများဖြစ်ပြီး နိုင်ငံတော်သည်လည်း စိုက်ပျိုးရေးကိုအခြေခံတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကလိုအပ်ချက်သည် ရေ ဖြစ်တာ ကြောင့် စိုက်ပျိုးရေကို လိုအပ်သလောက်သာ ချွေတာသုံးစွဲရန်လိုအပ်ကြောင်း၊ ရေအသုံးချသူ များအဖွဲ့အနေဖြင့် သက်ဆိုင်သည့်ဌာနများနှင့်ပူးပေါင်းကာ စိုက်ပျိုးရေ ရယူသုံးစွဲမှုလုပ်ငန်းများတွင် တက်ညီ လက်ညီ စည်းစည်းလုံးလုံး ဆောင်ရွက်ခြင်းဖြင့် ရေပေးရေယူကိစ္စသာမက စိုက်ပျိုး ရေးကဏ္ဍအသီးသီးမှာလည်း အချင်းချင်းရိုင်းပင်းကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာပြီး စိုက်ပျိုးရေပြည့်စုံလုံလောက်စွာရရှိကာ သီးနှံအထွက်နှုန်းတိုး၍ သီးထပ်စွမ်းအားများ စိုက်ပျိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ ရေဆင်းဆည်ရေသောက်စနစ်အတွင်းရှိ ရေအသုံးချသူများ အနေဖြင့် စိုက်ပျိုးရေကိုချွေတာသုံးစွဲပြီး အနာဂတ်ရေဖူလုံစေရေးနှင့် ဆည်မြောင်းအဆောက် အအုံများရေရှည်တည်တံ့ခိုင်မြဲစေဖို့ ဌာနနှင့်ပူးပေါင်းစောင့်ရှောက်ထိန်းသိမ်းရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆည်ရေပေးဝေမှုစနစ်တွင် ရေအသုံးချသူများအဖွဲ့(WUG) ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် တောင်သူများကိုယ်တိုင်ပါဝင် ဆောက်ရွက်လာနိုင်သည့်အတွက် မိမိတို့စိုက်ကွင်းဧရိယာများအတွင်း ရေပေး၊ ရေယူစနစ်များကို အကောင်းဆုံး အခြေအနေဖြစ်အောင် ကိုယ်တိုင်ပါဝင်စီမံနိုင် ပြီး မိမိတို့စိုက်ပျိုးထားသည့် သီးနှံပုံစံနှင့် ကိုက်ညီမှုရှိသည့် ရေပမာဏကို လိုအပ်ချိန်အတိအကျ ဌာနနှင့်အတူ ပူးပေါင်းရယူနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိခံစားလာနိုင်မည်ဖြစ်ပြီး ယခုနှစ်တွင် ဇေယျာသီရိမြို့နယ်ရေဆင်းရေလှောင်တမံမှ မိုးစပါး ၈၉၄၁ ဧက၊ မကျီးပင် ရေလွှဲဆည်မှ ၃၄၀ ဧက အားစိုက်ပျိုးရေပေးဝေရန်လျာထားလျက်ရှိပြီး လက်ရှိတွင် ရေဆင်း ဆည်ရေသောက်စနစ်မှ ၇၄၁၉ ဧကနှင့် မကျီးပင်ရေလွှဲဆည်မှ ၁၄၃ ဧက စိုက်ပျိုးပြီးစီးကာ ဆီထွက်သီးနှံ ဆောင်းနေကြာ ၃၁၉ ဧက စိုက်ပျိုးရေပေးဝေရန် လျာထားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)