မိုင်းယန်း ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်တွင် မြို့နှင့်အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စု၊ နာကျော့ကျေးရွာရှိ ပြည်သူများအား ဩဂုတ် ၁၀ ရက် နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ဘုရားရှိခိုးကျောင်း၌ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များအား တင်ပြပေးစေလိုကြောင်း၊ ဒေသနှင့်ကိုက်ညီမည့် နေကြာသီးနှံမျိုးစေ့ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ မြေဩဇာနှင့်တွဲဖက်၍ သဘာဝမြေဩဇာများတိုးချဲ့သုံးစွဲနိုင်ရေးအတွက် သဘာဝသစ်စိမ်းမြေဩဇာရရှိစေမည့် ပိုက်ဆံလျှော်မျိုးစေ့လည်း ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ကျေးလက်နေပြည်သူများ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ သန့်ရှင်းသော ကျေးလက်သောက်သုံးရေရရှိရေးလုပ်ငန်း၊ ကျေးရွာမီးလင်းရေးလုပ်ငန်းနှင့် ကျေးရွာကုန်ထုတ်လမ်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းယန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဦးသူရအောင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးမှုအခြေအနေများကိုလည်းကောင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အကြီးတန်းစာရေး ဦးမျိုးသူရက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဝမ်ယို့မိုင်-နာကျော့(၃/၀)မိုင် ကျေးရွာချင်းဆက်ကျောက်လမ်းဆောင်ရွက်ပေးမည့် အစီအမံများကို လည်းကောင်း အသီးသီးဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ကုန်ထုတ်လမ်းဖော်ထုတ်ပေးရေး၊ အဆောက်အဦးပြုပြင်ပေးရေး၊ ရေရရှိရေးစသည့်လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိုနှိုင်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာသူ/ကျေးရွာသားများအား ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်နှင့်မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)