ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပ

ဟားခါး         စက်တင်ဘာ             ၁၁

ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းက ရောဂါ ဖြစ်ပွားသည့် ဒေသမှ ဝင်ရောက်လာသည့် ခရီးသည်များအား စနစ်တကျ စစ်ဆေးဆောင်ရွက်ရေး၊ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြစေရန်နှင့် တရားဝင် ဖွင့်လှစ်ထားသည့် ရိဒ်၊ ခင်မန်းစသည့် နယ်စပ် ဝင်ပေါက်ဂိတ်များတွင် စနစ်တကျ စစ်ဆေးရန်တို့ကို ဆွေးနွေးပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ရုံး ၊ ဌာနများသို့ ပြင်ပပုဂ္ဂိုလ်များ ဝင်ရောက်ခွင့် မပြုရန်နှင့် စာများပေးပို့ရာတွင် စာပေး၊ စာယူဌာနနှင့်သာ ဆက်သွယ်ဆောင်ရွက်စေရေး၊ ယာဉ်လိုင်း များက ခရီးသည်များ၏ အချက်အလက် အပြည့်အစုံနှင့်ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရေး တို့ကို ဆွေးနွေးကြသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်က ညမထွက်ရ ဒေသန္တရအမိန့် သက်တမ်းတိုးထုတ်ပြန်ရန်၊ ရောဂါဖြစ်ပွားသည့် ဒေသမှ ဝင်ရောက်သူများ မဖြစ်မနေ Quarantine ဝင်ရောက်ရေး စစ်ဆေးကြပ်မတ်ရန်၊ Quarantine ဝင်သူများအား ကျန်းမာရေးနှင့် ညီညွတ်သောအစား အသောက်များဝယ်ယူ စားသုံးနိုင်ရေး စီစဉ်ပေးရန်၊ ပြည်နယ်အတွင်းရှိ စျေးများတွင် စျေးရောင်းသူများအား အလှည့်ကျ စနစ်ဖြင့် Mask တပ်ဆင်ပြီး ရောင်းချဝယ်ယူနိုင်ရေး ဆောင်ရွက်ရန်နှင့် အခြားကုန်တင်ဆောင်ခြင်းများမှ ခရီးသည်ယာဉ်လိုင်းများ ပိတ်ပါက ကုန်စည်စီးဆင်းမှု  မပြတ်တောက်စေရေးအတွက် ကုန်တင်ယာဉ်များအား ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးပြီး သွားလာ ခွင့်ပြုရန်လိုကြောင်းဖြင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း (ပြန်/ဆက်)