ကမာရွတ်မြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်များအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ဆောင်ရွက်

ရန်ကုန် သြဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုများအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဌာနတို့ပူးပေါင်း၍ စတင်ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ​ပညာ​ရေးလေ့ကျင့်​ရေး အထက်တန်းကျောင်း၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်း များအား တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာ ဗဟုသုတများတိုးပွားစေရေးအတွက် ကျန်းမာစွာနေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများ၊ သွေးလွန်တုပ်ကွေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း များကို ဟောပြောပေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများအား သွားတိုက်နည်းစနစ်များနှင့် လက်ဆေးနည်းစနစ်များကို လက်တွေ့ သရုပ်ပြခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးတာဝန်ခံ ဒေါက်တာ သင်းသင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျောင်းကျန်းမာရေး ရက်သတ္တပတ်ကို သြဂုတ်လ ၈ ရက်နေ့မှ သြဂုတ်လ ၁၃ ရက်နေ့အထိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက် သွားမည်ဖြစ်ပြီး အဓိကလုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေးအသိပညာပေးရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းအခြေပြုရောဂါ ကာကွယ်ရေး၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၈) ​ကျောင်းတွင် လည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို တာဝန်ရှိသူများထံမှ သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)