အိမ်တွင်းမှုအတတ်ပညာ ပန်းကြယ်သီးအလှထိုးနည်းသင်တန်းဖွင့်လှစ်

ရမည်းသင်း ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးလူထုဗဟိုပြု (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက အိမ်တွင်းမှု အတတ်ပညာ ပန်းကြယ်သီးအလှထိုးနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အိမ်တွင်းမှု အတတ်ပညာဖြင့် မိသားစုအပိုဝင်ငွေရရှိစေရေး မြန်မာမှုပန်းကြယ်သီးထိုးသင်တန်း ဖွင့်လှစ်ရခြင်းကို ရှင်းလင်း ပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်ဆင့်ဆင့်သိမ့်က ပန်းကြယ်သီးအလှထိုးရာတွင် လိုအပ်သည့်ပစ္စည်းများကို ရှင်းလင်းပြောကြားကာ ပန်းကြယ်သီးအလှထိုးနည်းကို သင်တန်းသူများ အစုအဖွဲ့အလိုက် နည်းပြဆရာမက လက်တွေ့ပုံဖော်ပြသ ရှင်းလင်းခဲ့ပြီး သင်တန်း သူများက ပုံဖော်နည်းများနှင့် ဒီဇိုင်အလှချုပ်ပုံတို့၏ သိရှိလိုသည်များကို မေးမြန်းရာနည်းပြ ဆရာမက လက်တွေ့သရုပ်ပြရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်များမှ စိတ်ဝင်စားသည့် သင်တန်းသူစုစုပေါင်း (၁၇) ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင် (ခရိုင် ပြန်/ဆက်)