တံတားဦးမြို့နယ်တွင် တစ်ပိုင်တစ်နိုင်ငှက်ပျောစိုက်ပျိုးသူများ မိသာစုအပိုဝင်ငွေရရှိ

တံတားဦး ဩဂုတ် ၁၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဥယျာဉ်ခြံမြေစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်ကြသော တစ်ပိုင်တစ်နိုင်ငှက်ပျောစိုက်ပျိုးသူများ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ဖီးကြမ်းငှက်ပျောပင်များကို ဥယျာဉ်ခြံစနစ်ဖြင့် စနစ်တကျရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြပြီး ဖီးကြမ်းငှက်ပျောမျိုးများကို ဝါတင်းကာလနှင့် အလှူအတန်းပေါများသည့် အချိန်များတွင် အများဆုံးရောင်းချရပြီး အခြားသောအချိန်များတွင် ပုံမှန်စားသုံးသူများထံ ရောင်းချရသောကြောင့်  လက်ရှိအချိန်တွင် ဖီးကြမ်းငှက်ပျောတစ်ဖီးကို အနည်းဆုံး ငွေကျပ် (၈၀၀) မှ အများဆုံး ငွေကျပ် (၁၃၀၀) အထိ ဖောက်သည်စနစ်ဖြင့် ရောင်းချရကြောင်း၊ ထိုသို့ရောင်းချရာတွင်လည်း ငှက်ပျောသီး၏ အလုံးရေအနည်းအများနှင့် အလုံးအကြီးအသေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားလျက်ရှိကြောင်း၊ ငှက်ပျောပင်တစ်ပင်နှင့်တစ်ပင် အနည်းဆုံး လေးပေ (သို့မဟုတ်) ခြောက်ပေအကွာစနစ်ဖြင့် အတန်းလိုက် စနစ်တကျရေသွင်းစိုက်ပျိုးကြကြောင်း၊ ယခုနောက်ပိုင်း ဥယျာဉ်ခြံစနစ် လုပ်ကိုင်သူများအနေဖြင့် အာဆီယံသပြေပန်းများ၊ သရက်များကို ထည့်သွင်းစိုက်ပျိုးလာကြပြီး တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်တောင်သူများထံမှ သိရသည်။

ငှက်ပျောသီးသည် ကျန်းမာရေးအတွက် အထောက်အကြုပြုသော အစားအစာဖြစ်ပြီး အလှူအတန်းများပြုလုပ်ခြင်း၊ ဧည့်သည်များအား တည်ခင်းဧည့်ခံခြင်းနှင့် မိသားစုသရေစာအဖြစ် စားသုံးခြင်းတို့အတွက် အများဆုံးဝယ်ယူအသုံးပြုခြင်းတို့အတွက်ကြောင့် တစ်ပိုင်တစ်နိုင်ငှက်ပျောစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရဲတင့်