ထားဝယ် သြဂုတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အမှတ်(၂))အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဦးအောင်လွင်က ကျောင်းသူ၊ ကျောင်းသားအနေဖြင့် တာဝန်ရှိသူများ၏ဟောပြောချက်များကို သိရှိလိုက်နာ၍ လေ့လာမှတ်သားစေလိုကြောင်းပြောကြားပြီး တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါ်မေသန်းနိုင်က အစားအသောက်နှင့်ဘေးကင်းစေရေး၊ ဆေးဝါး၊ ဆေးပစ္စည်း၊ လူသုံးကုန်နှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး အကြောင်းအရာများအားလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဇူးဇူးဇင်နိုင်က စားသုံးသူများ လုံခြုံစိတ်ချမှုရရှိစေရေး၊ စားသုံးသူအခွင့်အရေး(၈)ချက်အားလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး လက်သန့်ဆေးရည်ဘူးများနှင့် ဘောပင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)