မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် ဩဂုတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက စာရေးဆရာ ကောင်းမြတ်၏ ပွင့်သော ပန်းတိုင်း မွှေးစေလိုစာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် “ပွင့်သော ပန်းတိုင်း မွှေးစေလို” စာအုပ်သည်  ကလေးများ၏ အမူအကျင့် ဆိုင်ရာများနှင့် ပတ်သတ်၍ မိဘတော်တော်များများ ခေါင်းကိုက်ရသည့် ပြဿနာများကို ဆောင်ရန်၊ ရှောင်ရန်တွေနှင့်တကွ ပြည့်ပြည့်စုံစုံရေးသားထားသည့်အတွက် ကိုယ့်ဉယျာဉ်မှာ ပွင့်တဲ့ပန်းတိုင်းကို လန်းဆန်းမွှေးပျံ့စေလိုသည့် မိဘတိုင်းအတွက် အလွန့်အလွန်ကို အဖိုးတန်သည့် စာအုပ်ကလေးဖြစ်ပါကြောင်း ဆေွးနွေးပြောကြားသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဉက္ကဌ ဉီးဟန်ဝင်းစိုးက “မှီခိုလို စိတ်များလွန်းတဲ့ကလေး၊ မိဘအနားအမြဲကပ်နေတဲ့ကလေး၊ လေ့လာသင်ယူမှုအားနည်းတဲ့ကလေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ဇင်မီမီထွန်းက ရန်လိုတတ်တဲ့ကလေး၊ ဒေါသကြီးတဲ့ ကလေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်အသင်း(Youth Club)အဖွဲ့ဝင် မောင်ရဲထွန်းဉီးက အပျင်းကြီးတဲ့ ကလေး၊ လိမ်ပြောတတ်တဲ့ကလေး''ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ ကြပြီး တက်ရောက်လာ သူများကလည်း သူ့အမြင်၊ ကိုယ်အမြင်များကို ဝင်ရောက်ဆွေးနွေးခဲ့ ကြောင်းသိရသည်။

စာဖတ်ဝိုင်းကို လစဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး စိတ်ပါဝင်စားသူများအနေဖြင့် တက်ရောက်ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)