နောင်တရားဒေသထွက် ဂေါ်ဖီထုပ်များ ဈေးကောင်းပြန်လည်ရရှိ

နောင်တရား   ဩဂုတ် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ကုန်စိမ်းသီးနှံအဖြစ် စိုက်ပျိုးသည့် ဂေါ်ဖီထုပ်များ ဈေးပြန်လည်ကောင်းမွန်လာခြင်းကြောင့် ကော်ဖီထုပ်စိုက်တောင်သူများ စီးပွားရေး ပြန်လည် အဆင်ပြေလာကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

“ဂေါ်ဖီထုပ်စိုက်တာ ဒီနှစ်မှာ ယခုခြံနဲ့ဆို နှစ်ခြံရှိပြီ ပထမအကြိမ်စိုက်တုန်းကတော့ ဂေါ်ဖီထုပ်တစ်ထုပ်ကို ကျပ် ၅၀ ဘဲရတယ် အချို့ခြံတွေဆို ဝယ်ယူသူမရှိဘူး ‌ဈေးမရဘူး လုပ်အားခနဲ့ မြေဩဇာဖိုးရှုံးတယ် ယခုခြံက ဂေါ်ဖီထုပ်တစ်ထုပ်ကို ၃၀၀ ကျပ်နဲ့ ရောင်းရတော့ တစ်ခြံကို ဆယ်သိန်းဝန်းကျင်လောက်ကျန်တယ် ပထမခြံရှုံးထားတော့ အရင်းပြန်ရပြီ ကျွန်တော်တို့ စိုက်ပျိုးရေးသမားတွေတော့ အလုပ် သမား၊ ကားဆရာ၊ ပွဲစားနှင့် ဈေးသယ်တွေကို လုပ်ကျွေးနေတာပေါ့ ကျွန်တော်တို့ စိုက်ပျိုးရေးသမားတွေကို မြေဩဇာသက် သာအောင်၊ စိုက်ပျိုးရေးနည်း ပညာနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ဈေးနှုန်းမြှင့် ဝယ်ပေးနိုင်ရင် ကျွန်တော်တို့တောင်သူတွေ ပြေလည်လာမှာ ယခုကျွန်တော်တို့တောင်သူတွေက ကံတရားကို မျှော်ကိုးပြီး စိုက်ပျိုးရေးလုပ် နေရတယ်” ဟု ဂေါ်ဖီထုပ်စိုက်တောင်သူတစ်ဦးက ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဂေါ်ဖီထုပ်မျိုးစေ့ တစ်ဗူး ကျပ်(၄၀၀၀၀)၊ မြေထည်ခ တစ်နှာရီလျှင် ကျပ်(၅၀၀၀၀)၊ မြေဩဇာတစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ နွားခြေးအိတ်တစ်အိတ်လျှင် ကျပ်(၂၅၀၀)ရှိပြီး လုပ်သားခတစ်ဦးလျှင် ကျပ်(၆၀၀၀မှ ၈၀၀၀)အထိ ဈေးပေါက်လျက်ရှိပြီး ဂေါ်ဖီထုပ်တစ်ဧကလျှင် ကျပ်(၇၀၀၀၀၀မှ ၁၀၀၀၀၀၀)အထိ ကုန်ကျလျက်ရှိသည်။ အဆိုပါစိုက် ပျိုးရေးထွက်ကုန်များကို အောင်ပန်းကုန်စည်ဒိုင်နှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)