သိန္နီမြို့ လူထုအခြေပြုဗဟုဌာန (Community Centre) ခန်းမတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

သိန္နီ    ဩဂုတ်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူကလေးသူငယ်များ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူစီပေါင်းတာဝါတိုင်ထူခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်နှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သိန္နီမြို့ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးက ပူစီပေါင်းတာဝါတိုင်ထူခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုကဲ့သို့ ပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ ကျောင်းသား၊ကျောင်းသူကလေးသူငယ်များ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်ကောင်းများနှင့် အစုအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ် ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

စောဥမ္မာ(သိန္နီ)