တောင်ကြီး သြဂုတ် ၉
ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံန်က (၁၀)နာရီအချိန်က တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ရှမ်းပြည်နယ်အတွင်း ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁)ရက်မှ ယနေ့အထိ မီးဘေး၊ ငလျင်ဘေး၊ ရေဘေး၊ လေဘေး၊ မိုးသီးကြွေဘေး၊မိုးကြိုးဘေး၊တိုက်ပွဲရှောင်ဘေးနှင့်အခြားဘေးအပါအဝင် ဘေးအန္တရာယ်ပေါင်း (၂၂၈)ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၁၀၅၂၆)ကျော် လူဦးရေ(၄၅၂၉၁) ကျော် ဘေးဒဏ်ခံစားခဲ့ရပြီး သေဆုံးသူ(၆၇)ဦး၊ ဒဏ်ရာရရှိသူ(၁၁၆)ဦး ရှိခဲ့သည့်အပေါ်မှာ ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေတန်ဖိုး စုစု ပေါင်းကျပ်(၂၈၃၂)သိန်းကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ယခုလတ်တလောတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ် အတွင်း တောင်ကြီး၊ရပ်စောက်ကျောက်မဲနှင့် တာချီလိတ်မြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး နေအိမ်ပျက်စီးမှုများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သလို ရေဘေးသင့်ပြည်သူများကိုလည်း ကယ်ဆယ်ရေး စခန်းများသို့ရွှေ့ပြောင်း၍ ဆန်ရိက္ခာထောက်ပံ့မှုများလည်း ဆောင်ရွက်ထားရှိပါကြောင်း၊ ပြည်နယ်သဘာဝ ဘေးစီမံခန့်ခွဲ့မှုကော်မတီအနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အညီ ရှမ်းပြည်နယ်အတွင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိထိ ရောက်ရောက် ဆောင်ရွက်လျက်ရှိသည့်နည်းတူ သဘာဝဘေး လုပ်ငန်းကော်မတီများအနေဖြင့်လည်း မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းများ စနစ်တကျဆောင်ရွက်သွားနိုင်ရေး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းအဖွဲ့များဖြစ်သည့် အသိပညာပေးရေးနှင့်ပြန်ကြားရေးလုပ်ငန်အဖွဲ့၊အရေးပေါ်ဆက်သွယ်ရေးလုပ်ငန်းအဖွဲ့၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့၊ ပျက်စီးမှုပမာဏသတင်းရရှိရေးနှင့်အရေးပေါ် ထောက်ပံ့ရေးလုပ်ငန်းအဖွဲ့၊ ပျက်စီး ဆုံးရှုံးမှု အတည်ပြုရေးလုပ်ငန်းအဖွဲ့၊ ပို့ဆောင်ရေးနှင့် လမ်းကြောင်းရှင်းလင်းရေးလုပ်ငန်းအဖွဲ့၊ အရေးပေါ်ယာယီခိုလှုံရာနေရာဆောင်ရွက်ပေးရေးလုပ်ငန်းအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖွဲ့၊ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ် ငန်းအဖွဲ့၊ လုံခြုံရေးလုပ်ငန်းအဖွဲ့များတို့က အသီးသီးရှင်းလင်းတင်ပြကြပြီး Video Conferencing ဖြင့် ခရိုင်(၂၁)ခရိုင်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ရှမ်းပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲများမှ ဆွေးနွေးတင်ပြရှင်းလင်းပြီး အထွေထွေဆွေးနွေးကြကာ ပြည်နယ် ဝန်ကြီးချုပ် ကိုယ်စားပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)