မြင်းခြံ ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာလွှဲပြောင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းမြင့်ထွန်းက သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများကို မှတ်ပုံတင်လုပ်ငန်းအပြင် ပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ကိုင်နိုင်စေရန်အတွက် သင်တန်းများသင်ကြားပေးခြင်းအပြင် နည်းပညာလွှဲပြောင်းခြင်းတွေပါ လုပ်ဆောင်ပေးပါတယ်။ ယခုနည်းပညာလွှဲပြောင်းသင်တန်းကတော့ အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူက ကျွန်တော်တို့ဆီက နည်းပညာများ လာရောက်သင်ကြားရယူခြင်း ဖြစ်ပါတယ်” ဟု ခရိုင်ဦးစီးမှူး ဦးဆန်းမြင့်ထွန်းက ပြောသည်။
“ယခုလို နည်းပညာလွှဲပြောင်းသင်တန်းတက်ရောက်တာက ကျွန်မတို့ ညောင်ဦး မြို့နယ်မှာ နိုင်ငံခြားသားတွေ၊ ခရီးသွားတွေ စဉ်ဆက်မပြတ် လာရောက်လည်ပတ်နေတဲ့အတွက် ဒေသထွက်ပစ္စည်းများကို ပြည်သူများ၊ ခရီးသွားနိုင်ငံခြားသား သိရှိစေရန် မြန်မာ့အစားအစာတွေကို သိရှိနိုင်စေဖို့ ယခုလို လာရောက်သင်ကြားခြင်းဖြစ်ပါတယ်” လို့ သင်တန်းလာရောက်တက်သူ မသန္တာဝင်းကပြောသည်။
အဆိုပါ နည်းပညာလွှဲပြောင်းသင်တန်းတွင် သစ်သီးယိုထိုးခြင်း၊ သစ်သီးဖျော်ရည်လုပ်နည်းများကို (၃) ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)