သိန္နီ ဩဂုတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဘက်စုံထူးချွန်ရေး၊ စာရိတ္တများ ကောင်းမွန်၍ ယဉ်ကျေးလိမ္မာသော သားကောင်းရတနာများ ပေါ်ထွန်းလာရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သိန္နီမြို့နယ် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဟောပြောခဲ့သည်။
ထိုသို့ဟောပြောရာတွင် ဒုမြို့နယ်ပညာရေးမှူး၊ ဦးအောင်မျိုးက ဗလ(၅)တန်ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် “ ကျောင်းသားလူငယ်များအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလများ ပြည့်စုံ ရန်လိုအပ်ပါကြောင်း၊ လူငယ်များ ကောင်းသောယှဉ်ပြိုင်မှုဖြင့် ဘဝကို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဆွေးနွေးဟောပြောသည်။ ထို့နောက် သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက လူငယ်နှင့်ပညာ ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောရာတွင် “ပညာရဲရင့် ပွဲလယ်တင့်ဆိုသည့် စကားအတိုင်း ပညာကို ဆုံးခန်းတိုင်အောင် သင်ယူရမည်ဖြစ်ကြောင်း၊ ပညာသင်ယူရာတွင် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကိုလည်း သင်ယူရမည်ဖြစ်ကြောင်း၊ ငယ်ရွယ်စဉ် ပညာသင်ကြားရာ၌ စာပေများကို လေ့လာဖတ်ရှု၍ အမှားအမှန်ကို ဝေဖန်ပိုင်းခြားရမည်ဖြစ်ကြောင်း” ဟောပြောသည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပပဝင်းက လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် “လူငယ်များ ကျန်းမာသန်စွမ်းစေရန် အားကစားကို စနစ်တကျ ကစားသင့်ပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားများ ဖြစ်လာသည့်အထိ ကြိုးစားသင့်ပါကြောင်း” ဟောပြောသည်။
အဆိုပါ ဟောပြောပွဲသို့ မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူ (၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)