တပ်ကုန်း ဩဂုတ် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာများရရှိစေရန်၊ လူကုန်ကူးခံရသူဖြစ်ကြောင်း ကနဦးစိစစ်သတ်မှတ်နိုင်ရန်၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းအသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက လူကုန်ကူးမှုဟာလူသားအချင်းချင်းကို ရောင်းကုန်ပစ္စည်းသဖွယ်သဘောထားပြီး နှိပ်စက်ညှင်းပန်းခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ပြည့်တန်ဆာပြုခြင်းများကြောင့် လူကုန်ကူးခံရသူတစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အကျင့်သိက္ခာနှင့် အသက်ခန္ဓာတို့ကို များစွာညိုးနွမ်းပျက်စီးစေတဲ့အတွက် နိုင်ငံတော်အနေဖြင့် ၁၉၉၇ ခုနှစ်ကစပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ချမှတ်ကာ အရှိန်အဟုန်မြှင့် တိုက်ဖျက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားရှင်းလင်းသည့် အကြောင်းအရာများကို သေချာစွာမှတ်သားကြရန် ရှင်းလင်းမှာကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၅၀)ဦး တက်ရောက်ပြီး၊ လူကုန်ကူးမှုများဖြစ်ပေါ်လာခြင်းနှင့် တွန်းအား/ဆွဲအားများ၊ လူကုန်ကူးမှုလူမှောင်ခိုမှု၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှုခြားနားချက်များ၊ ကမ္ဘာနှင့်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှုများ၊ လူကုန်ကူးမှု၏ ဆိုးကျိုးများနှင့်လူကုန်ကူးခံရသူများ၏ အခွင့်အရေးများ၊ တရားစွဲဆိုရေးလုပ်ငန်း စဉ်နှင့်လူကုန်ကူးခံရသူများ၏ အရေးပါမှု၊ လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေးဥပဒေနှင့် လူကုန်ကူးခံရသူဖြစ်ကြောင်း စိစစ်ဖော်ထုတ်ခြင်း၊ လူကုန်ကူးမှုဖြစ်စဉ်(၃)ဆင့်နှင့် စိစစ်ဖော်ထုတ်ရေးပုံစံများ အသုံးပြုခြင်းပညာရပ်များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အမှတ်(၁)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူးရုံးမှ ယာယီရဲမှူး မြင့်အောင်၊ အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တပ်ကုန်း)ရဲတပ်ဖွဲ့စိတ်မှူး ရဲအုပ်ဟန်ဇော်တို့က သင်တန်းကာလ(၃)ရက်ကြာ၊ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်