စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စဉ့်ကူး ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား e-ID စနစ်ဖြင့် Software Program စနစ်အတွင်းသို့ ထည့်သွင်းနေမှုလုပ်ငန်းတွင် ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းကူညီနိုင်ရေး အလေးထား ဆောင်ရွက်ပေးကြရန်၊ အချိန်မီပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ် ဦးစီးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးကြရန် ရှင်းလင်းမှာကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့​ပြီး  တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးချက်များအပေါ် ပြန်လည်တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

အဆိုပါ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက် )