ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ သံပုရာတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှ ဈေးကွက်အတွင်းရောင်းချနေရသည်ထိ အောင်မြင်ဖြစ်ထွန်းနေ

ညောင်ဦး ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် တောင်သူများဖြစ်ကြပြီး ယခုအခါ မြေအောက်ရေတူးဖော်ကာ ဥယျာဉ်ခြံမြေလုပ်ငန်းကိုလည်း တွဲဖက်လုပ်ကိုင်လာကြသည့် တောင်သူများပြားလာကြောင်း သစ်ထောင့်ကျွန်းကျေး ဦးအေးကိုမှ ပြောကြားသည်။

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် မြေအောက်ရေတူးဖော်ထားကြပြီး တစ်နိုင်တစ်ပိုင် ဥယျာဉ်ခြံမြေလုပ်ငန်းလုပ်ကိုင်လာကြသည့် တောင်သူဦးရေများပြားလာကြောင်း၊ ဥယျာဉ်ခြံမြေထဲတွင် စိန်တစ်လုံးသရက်စိုက်ပျိုးခြင်း၊ ဟောလန်သံပုရာစိုက်ပျိုးခြင်း၊ မြန်မာသံပုရာစိုက်ပျိုးခြင်း၊ နဂါးမောက်စိုက်ပျိုးခြင်း၊ ငှက်ပျောစိုက်ပျိုးခြင်းနှင့် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးလာခဲ့ကြောင်း၊ အဆိုပါသီးနှံစိုက်ပျိုးခြင်းများထဲမှ စရိတ်စကသက်သာပြီး ရောင်းတန်းဝင်သည့် မြန်မာသံပုရာမျိုးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာခဲ့ကြပြီး အပင်ဖြစ်ထွန်းမှုကောင်းကာ အပွင့်ပွင်နှုန်း၊ အသီးတင်နှုန်းကောင်းမွန်ခြင်းကြောင့် မြန်မာ သံပုရာသီးစိုက်ပျိုးသူများ သံပုရားသီးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေပုံမှန်ဝင်လျက်ရှိ ကြောင်းသိရသည်။ ညောင်ဦးမြို့ မဏိစည်သူဈေးနှင့် ဘုန်းစဉ်ဈေးတို့တွင် တစ်နိုင်တစ်ပိုင် သံပုရာစိုက်ပျိုးတောင်သူများ နေ့စဉ်ဆွတ်ခူးလာရောက်ရောင်းချလျက်ရှိရာ သံပုရာသီးလေးလုံး ၂၀၀ ကျပ်ဖြင့် ရောင်းချနေရကြောင်း၊ မြန်မာသံပုရာပင်တစ်ပင်လျှင် အသီးတစ်ထောင်ကျော်ခန့်သီးပြီး၊ အသီးများအရည်ရွမ်းခြင်းကြောင့် ဈေးကွက်အတွင်းလူကြိုက်များကြောင်း၊ ဥယျာဉ်ခြံအတွင်း သံပုရာအပင်နှစ်ဆယ်လောက်စိုက်ပျိုးထားခြင်းဖြင့် သံပုရာသီးများ နေ့စဉ်ခူးဆွတ်ရောင်းချနိုင်ခြင်းကြောင့် မိသားစုတစ်နိုင်တစ်ပိုင်စားသုံးဖို့ စိုက်ပျိုးခြင်းမှသည် ဈေးကွက်အတွင်းရောင်းချရသည်အထိ အပင်ဖြစ်ထွန်းပြီး အသီးသီးနှုန်းကောင်းမွန်ခြင်းကြောင့် မြန်မာသံပုရာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသင့်ကြောင်း ကိုယ်ပိုင်မြေအောက်ရေတွင်းတူးဖော်ထားခြင်းဖြင့်လည်း မိမိကြိုက်နှစ်သက်သည့်သီးနှံ အချိန်မရွေးစိုက်ပျိုးနိုင်ကြောင်း အောက်ညဉ့်ကျေး ရွာ၊ တောင်သူဦးဝင်းဇော်က ရှင်းပြ၍သိရသည်။

ကိုကြေးမုံ