သင်္ဃန်းကျွန်း ဩဂုတ် ၈
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်း မြို့နယ်ရှိ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ အကဲဖြတ် ပညာရှင်များနှင့် တာဝန်ရှိသူများက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင် အဆင့်)ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများက မြန်မာ့ရိုးရာတေးသီးချင်းများ သီဆို၍လည်းကောင်း၊ မြန်မာ့ရိုးရာ အိုးစည်၊ ဒိုးပတ် စသည့် တူရိယာများ တီးခတ်၍လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ပြိုင်ပွဲများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၆)ရက်နေ့နှင့် (၇)ရက်နေ့များတွင် ရန်ကုန်မြို့ရှိ ရန်ကင်း ပညာရေးဒီဂရီကောလိပ်နှင့် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်တို့၌ ဝါသနာရှင် (ပထမတန်းအဆင့်)နှင့် (ဒုတိယတန်းအဆင့်)ဟူ၍ နှစ်ပိုင်းခွဲကာ မဟာဂီတ၊ ခေတ်ဟောင်း/ ကာလပေါ်၊ အမျိုးဂုဏ်/ဇာတိဂုဏ်၊ မင်းသား/မင်းသမီးအက၊ ရုပ်သေးကြိုးဆွဲအက၊ တေး သီချင်းများရေးသားခြင်း၊ စောင်း/ စန္ဒယား/ ပတ္တလား/ နှဲ/ ပလွေ/ တယော/ မယ်ဒလင်/ ဂီတာ တီးမှုတ်ခြင်း၊ ဆိုင်းတစ်ဦးချင်းတီးခတ်ခြင်း၊ အိုးစည်အဖွဲ့လိုက်တီးခတ်ခြင်း၊ ဒိုးပတ်အဖွဲ့လိုက် တီးခတ်ခြင်း စသည်ဖြင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ပြိုင်ပွဲဝင်(၁၇၅)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု (၂၈)ဆု၊ ဒုတိယဆု(၂၇)ဆု၊ တတိယဆု(၁၈)ဆု၊ အထူးဆု(၁၄)ဆု စုစုပေါင်း ထူးချွန်ဆု(၈၇)ဆု ချီးမြှင့်ပေးခဲ့ကြကြောင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော မပပျောက်စေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများအား သားစဉ်မြေးဆက် အမြတ်တနိုး တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်ပြီး အဆိုပါမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်