ဘားအံ ဩဂုတ် ၇
ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ကို ကရင်တိုင်းရင်း သားလူမျိုးများ နေထိုင်ရာ နေရာဒေသအသီးသီးတွင် ဆွေမျိုးမိသားစုအလိုက်သော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်း ဝါခေါင်လရောက်တိုင်း နှစ်စဉ်ဆင်ယင်ကျင်းပလေ့ရှိကြရာ ယမန်နေ့ နံနက် ၉ နာရီခန့်က (၄၃)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ တွင် အနှစ်သာရပြည့်ဝစွာနှင့် စည်ကားသိုက်မြိုက်စွာ စုပေါင်းကျင်းပခဲ့ကြသည်။
ဦးစွာ သဘာပတိအဖွဲ့ဝင်များက စင်မြင့်ထက်တွင် နေရာယူကြပြီး သဘာပတိဒေါ်နန်းမြင့်တင်က ချည်ဖြူဖွဲ့မင်္ဂလာနှင့် ပတ်သက်၍ အဖွင့်အမှာ စကားပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ဝါခေါင်လ ရောက်တိုင်း လက်ကောက်ဝတ်တွင် ချည်ဖြူဖွဲ့ထုံး ချည်နှောင်သည့်ဓလေ့သည် မိသားစုများ စည်းစည်းရုံးရုံးနှင့် ပြန်လည်တွေ့ဆုံခြင်း၊ လက်ရည်တပြင်တည်းဖြစ်ခြင်း၊ လူကြီးနှင့်လူငယ်ကြား နွေးနွေးထွေထွေး ဆွေးနွေးတိုင်ပင်ကြခြင်းဖြင့် စည်းလုံးညီညွှတ်မှုနှင့် ချစ်ခင်ရင်းနှီးမှုများ တိုးပွားရရှိစေကြောင်း၊ မိမိတို့၏ရိုးရာဓလေ့ကို ထိန်းသိမ်းမြှင့်တင်ဖော်ထုတ်လိုသည့် အာသီသများဖြင့် ကရင်တိုင်းရင်းသားရပ်မိရပ်ဖများ ဦးစီးဦးဆောင်၍ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ကျင်းပ နိုင်ခြင်းသည် ညီအကိုမောင်နှမအချင်းချင်း လက်တွဲညီညွတ်ပြီး ချစ်ခင်ရင်းနှီးကြသည့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ပွဲတော်ကြီးအဖြစ် ထင်ဟပ်ပေါ်လွင်စေပါကြောင်း၊ ဂြိုလ်ဆိုးနတ်ဆိုးများနှင့် မကောင်းမှုဟူသမျှလွင်စင်ပျောက်ပျက်ပြီး အဝေးတွင် ပြန့်လွင့်နေသော ကိုယ်တွင်းဝိဉာဉ်များ ပြန်လည်ဝင်ရောက်ကြပါ၊ ကျန်းမာခြင်းလဘ်လာဘများနှင့် ကောင်းခြင်း ဟူသမျှ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး) ဖြစ်ပေါ်လာပုံကို ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဖတ်ကြားပြီး ခေတ္တဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ငွေကျပ်သိန်း(၇၀)ကို လှူဒါန်းပေးအပ်ရာ ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက အလှူငွေ ထည့်ဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ သဘာပတိ က နိဂုံးချုပ် အမှာစကားပြောကြားသည်။
ယင်းနောက် ပွဲတော်ကိုဦးဆောင်ကျင်းပမည့် အကြီးအမှူးနှင့် အရန်(၂)ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဖိုးနှင့်အဖွားများက မြေးငယ်များခြံရံလျှက် သတ်မှတ်နေရာအသီးသီးတွင်နေရာယူကြပြီး ပွဲတော်အကြီးအမှူးက မကောင်းသော စိတ်ဝိဉာဉ်ဆိုးများ လူတိုင်း၏ ခန္ဓာကိုယ်မှ ဖယ်ခွာစွန့်ထုတ်သွားစေရန် ကရင်ဘာသာဖြင့် ရွတ်ဆိုမောင်းထုတ်၍ လူတိုင်း၏ ခန္ဓာကိုယ်အား အစဉ်အမြဲ စောင့်ရှောက်ပေးသည့် ဝိဉာဉ်လိပ်ပြာကောင်းများ အသီးသီး ပြန်လည်ဝင်ရောက်လာစေရန် ကရင်ဘာသာဖြင့် ရွတ်ဆိုခေါ်ယူသည်။
ပွဲတော်အကြီးအမှူးခေါ်ယူရောက်ရှိလာသည့် (၇)ရက်သား၊ သမီးများ၏ ဝိဉာဉ်လိပ်ပြာကောင်းများ ရွှင်လန်းဝမ်းမြောက်စေရန် ရိုးရာသီးချင်းဖြင့် ဂုဏ်ပြုကြိုဆိုကြပြီး ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေ ထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသားရပ်မိ ရပ်ဖများ၊ တိုင်းရင်းသားပြည်သူများက အဖိုး၊ အဖွားများထံတွင် ချည်ဖြူဖွဲ့ခံယူကြသည်။
ချည်ဖြူဖွဲ့ရာတွင် ငှက်ပျော်သီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေ၊ ကြံပိုင်းစသည့်ပစ္စည်း (၇)မျိုး ပါဝင်ပြီး တစ်ခုချင်းစီ၏ ဂုဏ်သတ္တိများအလိုက် ကရင်တိုင်းရင်းသားတို့အား စုပေါင်းညီညွတ်စွာ နေထိုင်စေလိုသည့် အဓိပ္ပါယ်များ ပါဝင်ကြောင်း၊ မွန်မြတ်သန့်စင်၍ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာကောင်းများကို ကရင်တိုင်းရင်းသားများထိန်းသိမ်းသည့်ပွဲတော်တစ်ရပ်ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်အတွင်း ကရင်ရိုးရာခြည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားများကို ဝါခေါင်လတစ်လလုံး နေရာဒေသအနှံအပြားတွင် ကျင်းပလေ့ရှိကြကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)