ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲ ကျင်းပ

ဘားအံ ဩဂုတ် ၇

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ခရိုင်အဆင့်ရှာဖွေ ကယ်ဆယ်ရေး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့ လှာကမြင်(ကွက်သစ်) ရှိ ဘားအံခရိုင်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်က သင်တန်းသား/သင်တန်းသူများကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်သည့် နည်းပညာရပ်ဆိုင်ရာများကို စာတွေ့/လက်တွေ့ သက်ကြား ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်၊ ပစ္စည်းများကို ကူညီကာကွယ် စောင့်ရှောက်ပေးရမည်ဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါတွင်လဲ ဆုံးရှုံးမှုနည်းပါးသည်ထက် နည်းပါးစေရန် ကြိုတင်မျှော်တွေး၍  သတိကြီးစွာထားပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုက အားကိုးယုံကြည်ရသည့် စေတနာ့ဝန်ထမ်း ပရဟိတအသင်းအဖွဲ့များဖြစ်အောင် စွမ်းဆောင်ရည်ကို မြှင့်တင်၍ ကျရာအခန်းကဏ္ဍမှ ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မာဃ လူမှုကူညီရေးအဖွဲ့၊ ပေးဆပ်သူကယ်ဆယ်ရေးအဖွဲ့၊ ဘဝမီးအိမ်ကယ်ဆယ်ရေးအဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့နှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ အစရှိသည့်ဒေသတွင်း လူမှုရေးအဖွဲ့အစည်းများမှ စုစုပေါင်း ၇၅ ဦး သင်တန်းဆင်းခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် တစ်ပတ်ကြာမြင့်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)