ပျဉ်းမနား ဩဂုတ် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ကွပ်ကဲမှုအောက်ရှိ မော်တော်ယာဉ်အသင်း ဝန်ထမ်းသားသမီး ကျောင်းသား/သူများ အား ပညာရည်ချွန်ဆုနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) အတွင်းရေးမှူး၊ ပညာရေးနှင့် လူမှုရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမြတ်မိုးက မော်တော်ယာဉ် အသင်းအသီးသီးရှိ ဝန်ထမ်းသားသမီး ကျောင်းသား/သူများအား ပညာရည်ချွန်ဆုနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပညာရည်ချွန်ဆု၊ ပညာသင်ထောက်ပံ့စရိတ်နှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာလင်းက ၂၀၁၉-၂၀၂၀ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် အဆင့်မြင့်ယာဉ်အသင်းမှ (ဘ)ဦးကျော်ဦး၏ သားဖြစ်သူ မောင်ဟိန်းသူရိန်ထက်၊ (၅)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဟိန်းစတားယာဉ်အသင်းမှ (ဘ)ဦးဇော်မိုးထွန်း၏ သားဖြစ်သူ မောင်နေဝဏ္ဏဇော် တို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ပညာသင်စရိတ် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပျဉ်းမနားခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲများတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသားသမီး ကျောင်းသား/သူများအား ဂုဏ်ပြုဆုတံဆိပ်များနှင့် ပညာသင်စရိတ် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ပြီး လက်ရှိ တက္ကသိုလ်ဝင်တန်း တက်ရောက်နေကြသည့် ကျောင်းသား/သူများနှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတက်ရောက်နေကြသည့် ကျောင်းသား/သူများအတွက် ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် ကျောင်းသုံး ဗလာစာအုပ်များကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြရာ ထောက်ပံ့ပေးမှုများနှင့် စပ်လျဉ်း၍ ဘာသာစုံဂုဏ်ထူးရှင် မောင်ဟိန်းသူရိန်ထက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့ကျင်းပသည့် နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ကွပ်ကဲမှုအောက်ရှိ မော်တော်ယာဉ်အသင်း ဝန်ထမ်းသားသမီး ကျောင်းသား/သူများ အား ပညာရည်ချွန်ဆုနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ရာတွင် ဘာသာစုံဂုဏ်ထူးရှင်(၁)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၁)ဦး၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း တက်ရောက်နေကြသူများ အပါအဝင် ကျောင်းသား/သူ စုစုပေါင်း(၁၉၆)ဦးတို့အတွက် ချီးမြှင့်ထောက်ပံ့ငွေ ကျပ်(၆၇)သိန်းကျော်နှင့် ကျောင်းသုံးဗလာ စာအုပ်(၁၉၆)ဒါဇင်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)