ကျောက်ပန်းတောင်း ဩဂုတ် ၇
မန္တလေတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်သဘင်အနုပညာရှင်များအစည်းအရုံးတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်)ပြိုင်ပွဲကို၊ ဩဂုတ်လ(၇)ရက်နေ့ နံနက်(၉:၃၀)နာရီကစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အဆင့်မြင့်ပညာပြိုင်ပွဲ၌ အမျိုးဂုဏ် ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းဆို ဘာသာရပ်ပြိုင်ပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)မှ ပထမနှစ် (မြို့ပြ)ကျောင်းသူ မဝင်းလဲ့မွန်က ဇာတိမာန်သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့်ပြိုင်ပွဲတွင် ခေတ်ဟောင်း/ကာလပေါ်တေးသီချင်းအဆိုပြိုင်ပွဲ၌ အမှတ်(၂)အ.ထ.က Grade-9 မှ မသီရိကျော်က လည်းကောင်း၊ အခြေခံပညာအဆင့် ဆိုင်းဝိုင်းအတီးပြိုင်ပွဲတွင် အမှတ်(၂)အ.ထ.က Grade-7 မှ မောင်ဇွဲသီဟနိုင်ကလည်းကောင်း၊ ဝါသနာရှင်တစ်ဦးချင်း ဒုတိယအဆင့် ဆိုင်းဝိုင်းအတီးပြိုင်ပွဲတွင် အောင်မင်္ဂလာရပ်ကွက်မှ မောင်စည်သူမင်းကလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြပြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီး သီးပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် အကပြိုင်ပွဲကိုဆက်လက်ကျင်းပရာ၊ ဝါသနာရှင်အကပြိုင်ပွဲတွင် အောင်မင်္ဂလာရပ်ကွက်မှ မရွှေရည်လင်း ကလည်းကောင်း၊ အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ (၁၅)နှစ် အကပြိုင်ပွဲတွင် အမှတ်(၂)အ.ထ.က Grade-6 မှ ကျောင်းသူ မဩလင်းဖြူ နှင့် မသက်နှင်းစံ တို့ကလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည့် နိုင်ငံကျော် ဟာသလူရွှင်တော် ဦးမိုးကျော်က ဟာဒယရွှင်ဆေး တိုက်ကျွေး ဖျော်ဖြေပြီး၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်)ပြိုင်ပွဲ ကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြောင်းသိရသည်။
အဆိုပါ မြို့နယ်အဆင့်ပြိုင်ပွဲသို့ ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်၊ အမှတ်(၂)အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းနှင့် ကြီးကြပ်သူဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင် ဝါသနာရှင်များနှင့် ကျောင်းသားကျောင်းသူများ၊ မြို့နယ်သဘင်အနုပညာရှင်များအစည်းအရုံးဥက္ကဋ္ဌ ဦးမိုးကျော်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဝါသနာရှင်များ၊ မိသားစုဝင်များ စုစုပေါင်းအင်အား (၂၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။