မိတ္ထီလာခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ၇ ရက်ကြာ ဖွင့်လှစ်

မိတ္ထီလာ ဩဂုတ်

မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်မည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၇ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းထံက သိရသည်။

ခရိုင်အဆင့် ရှာဖွေကယ်ရေးသင်တန်းကို ဩဂုတ်လ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ရက်သတ္တပတ် တစ်ပတ်ကြာဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ တစ်နေ့ကို ၈ ချိန်ဖြစ်ပြီး နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၄ နာရီ အထိဖွင့်လှစ်ပို့ချသွားမှာဖြစ်ပါတယ်။သင်တန်းသား စုစုပေါင်း ၅ဝ ဦးနဲ့ဖွင့်လှစ်မှာဖြစ်ပြီး မိတ္ထီလာက ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နဲ့ ဒေသခံလူမှုရေး အသင်းအဖွဲ့တွေက သင်တန်းသား ၃ဝ ဦး ၊ မလှိုင် ၊ ဝမ်းတွင်း ၊ သာစည်မြို့နယ်က ၂ဝ ဦး ဖြစ်ပါတယ်ဟု ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပြောသည်။

အဆိုပါ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းတွင် နိုင်ငံတကာအဆင့်ရှာဖွေကယ်ရေး သင်တန်းများသို့ တက်ရောက်ခဲ့သည့် ခရိုင်မီးသတ်ဦးစီးဌာနမှ သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ခန်းစာများကို ပို့ချသွားမည်ဖြစ်သည်။ ခရိုင်မီးဦစီးဌာနမှ  မီးဘေးအန္တရာယ် ကြိုကာကွယ်ရေးသင်တန်းများ၊ ရှာဖွေကယ်ရေးသရုပ်ပြပွဲများ(ပုံ)၊ ရှာဖွေကယ်ဆယ်ရေးသင်တန်း များကို အခါအားလျော်စွာ ဖွင့်လှစ်ပို့ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းသာ