ရန်ကုန် ဩဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ၂ဝ၂၂ခုနှစ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက်၉နာရီတွင် ရန်ကုန်မြို့ ရန်ကင်းပညာရေး ဒီဂရီကောလိပ်ရှိ မြတ်ပညာခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ၁၉၉၃ခုနှစ်တွင် စတင်ကျင်းပခဲ့သော အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးသည် အကြောင်းအမျိုးမျိုး၊ ကမ္ဘာ့ကပ်ရောဂါ အခြေအနေ အမျိုးမျိုးတို့ကြောင့် နှစ်ကာလ အနည်းငယ် မကျင်းပနိုင်ခဲ့သော်လည်း ယခုအခါ မြန်မာ့ရိုးရာယဉ်ကျေးမှုကို အစဉ်တစိုက် ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်းကြမည့် မျိုးဆက်သစ်အနုပညာရှင်များ နှစ်စဉ်ပေါ်ထွန်းလာစေရေးအတွက် ယခုနှစ်တွင်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့် ပြန်လည်ကျင်းပသည့် နေရာမှာ မိမိတို့ ရန်ကုန်တိုင်းဒေသကြီး၏ မျိုးဆက်သစ်အနုပညာရှင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြသည်ကို တွေ့ရလို့ ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ ၂ဝ၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်ဦးတည်ချက်(၄)ရပ် ချမှတ်ပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း ဦးတည်ချက်များမှာ အမျိုးဂုဏ်၊ ဇာတိ ဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေလက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ် ပိုမိုထွန်းကားစေရန် ရိုးရာယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူ ပြုနိုင်ရေး စသည်တို့ဖြစ်ပါကြောင်းဖြင့် ပြောကြာသည်။
ထို့နောက် ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အဆိုး၊အက၊အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးထူးလွင်၊ အကအကဲဖြတ်ပညာရှင် ဦးအောင်တင်ဝင်း၊ အဆိုအကဲဖြတ် ပညာရှင် ဦးတင်ဦးလေးတို့က ဖဲကြိုဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တေးသံရှင် မြတ်သူဇာက ပဉ္စသိင်္ခတေးသီးချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကိုလည်းကောင်း၊ နိုင်ငံတော်ရွှေတံဆိပ် ၁၉ဆုရှင် ရုပ်သေးပညာရှင် ဦးစိန်အေးမြင့်က ရုပ်သေး (မင်းသား၊ဇော်ဂျီ)အကတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုကိုလည်းကောင်း၊ မဟာရန်ကုန်အောင်စည်မိုးက ဆိုင်းလက်စွမ်းပြတီးခတ်ဖျော်ဖြေတင်ဆက်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် ၂၀၂၂ခုနှစ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ခရိုင်အဆင့်ပြိုင်ပွဲကို ရန်ကင်းဒီဂရီကောလိပ်နှင့် သင်္ကန်းကျွန်းဒီဂရီ ကောလိပ်တို့တွင် နှစ်နေရာခွဲ၍ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အဆိုပြိုင်ပွဲတွင် (၇၉)ဦး၊ အကပြိုင်ပွဲတွင် (၁၇)ဦး၊ အရေးပြိုင်ပွဲတွင် (၁၃)ဦးနှင့် အတီးပြိုင်ပွဲတွင် (၆၆)ဦး စုစုပေါင်း ၁၇၅ ဦး အသီးသီးယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)