သိန္နီ ဩဂုတ် ၆
မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာ အဆို၊ အက၊ အတီး များကို မပျောက်ပျက်စေရန်၊ ယဉ်ကျေးမှု အစဉ်အလာများကို ကျောင်းသားလူငယ်များ သိရှိစေရန်အတွက် နိုင်ငံတော်မှ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကို ယှဉ်ပြိုင် ဖော်ထုတ်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့်သူများအား လေ့ကျင့်သင်ကြားပေးခြင်းကို သိန္နီမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ အသက်(၁၁)နှစ်မှ (၁၅)နှစ်အတွင်း အမျိုးသမီးအဆင့်မြင့်အခြေခံ အကတီးလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျောင်းအုပ်ကြီး ဒေါ်နန်းအုန်းရီ၏ ကြီးကြပ်မှုဖြင့် အကနည်းပြ ဆရာ/ဆရာမများက သင်ကြားပြသပေးလျက်ရှိသည်။ အဆိုပါ အသက်(၁၁)နှစ်မှ (၁၅)နှစ်အတွင်း အမျိုးသမီး အဆင့်အခြေခံ အကတီးလုံးတွင် ကျောင်းသူ(၂)ဦးမှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယှဉ်ပြိုင်မည့်သူများ အနေဖြင့် ပြိုင်ပွဲတွင် ဆုများရရှိနိုင်ရေး အတွက် အကများကို နည်းပြများ၏ သင်ကြားပြသ မှုများအား ဝါသနာ၊ စိတ်ပါဝင်စားမှုများဖြင့် ကြိုးစား သင်ယူလျက်ရှိကြောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းအုန်းရီထံမှ သိရသည်။
စောဥမ္မာ(သိန္နီ)