တောင်ကြီး ဩဂုတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အင်္ဂလိပ်စာ(4-skill)ကို တတ်ကျွမ်းနားလည်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီး၊ သင်တန်းခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြု လုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေ က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန် (၃)ရပ်ဖြစ်သည့် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် ဟူသည့်ရည်မှန်းချက်တာဝန်များကို ပြည်သူ့ဆက်ဆံရေးနှင့်ပေါင်းစပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရာ ယခုဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာသင် တန်းသည်လည်း ပြည်သူများအတွက် ပညာပေးရန်ဟူသည့်ရည်မှန်းချက်နှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ခေတ်နှင့်လျော်ညီသည့် Internet, Computer, English (ICE)ပညာများကိုတတ်ကျွမ်းရန်လိုအပ်ပြီး နိုင်ငံတကာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာကို သင်ယူနိုင်ရန်အတွက် ယခုသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းနည်းပြ၏ ပို့ချချက်များ အပေါ် သေသေချာချာ လိုက်နာသင်ယူပြီး ကျွမ်းကျင်အောင်ကြိုးစားကြစေလိုကြောင်း၊ ပြည်သူများအသုံးပြုနိုင်ရန် ဖွင့်လှစ်ထားသည့် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြတိုက်ငယ်(Mini Museum)၊ ကလေးစာဖတ်ခန်း၊ ပြည်သူ့စာကြည့်တိုက်၊ အစည်းအဝေးခန်း၊ ကွန်ပျူတာ သင်တန်းခန်း၊ အားကစားခန်းမ၊ သင်တန်းခန်းမ၊ ဘက်စုံသုံးခန်းမ၊ ဟင်းလင်းပြင် ကာယလေ့ကျင့်ခန်း၊ ကလေးကစားကွင်း၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် စသည်ဖြင့် ပြည်သူများအသုံးပြု နိုင်ရန်အတွက် ပြည့်ပြည့်စုံစုံဆောင်ရွက်ပေးထားသဖြင့် လာရောက် အသုံးပြုနိုင် ပါကြောင်း၊ ပြည်သူများအသုံးပြုနိုင်အောင်လည်း လက်ဆင့်ကမ်းပြောကြား ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တောင်ကြီးခရိုင် ဦးစီးမှူး ဦးနိုင်ဝင်းထွန်း က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ အား ရှင်းလင်းပြောကြားသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းကို ဩဂုတ်လ ၆ ရက်မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြည်သူများ ကာယ၊ ဉာဏ စွမ်းရည်ရင့်သန်လာစေရန် သင်တန်းများကို ကဏ္ဍအလိုက်ဆက်လက် ပို့ချသွားမည် ကြောင်းသိရသည်။
ဇော်နိုင်လင်း