ကျောက်မဲ ဩဂုတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီက ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့် အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်း တာဝန်များအား ချပြရှင်းလင်းခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွှေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ကျောက်မဲ)မှ တပ်ဖွဲ့စိတ်မှူး၊ ဒုရဲမှူး ကျော်စိုးမိုးမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့် ပြစ်မှုအင်္ဂါရပ်များ၊ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းပုံစံ ဖြည့်သွင်းမှုတို့အား ဆွေးနွှေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ကျောက်မဲ)မှတပ်ဖွဲ့ စိတ်မှူး၊ဒုရဲမှူး ကျော်စိုးမိုးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ကလေးသူငယ်မှုခင်းကိစ္စများ၊ လူကုန်ကူးမှု ကိစ္စရပ်များနှင့် ပတ်သက်၍ သံသယရှိပါက အရေးပေါ်ဆက်သွယ်ရန် Hot Line ဖုန်းနံပါတ်များနှင့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ပြည်သူများ စုစုပေါင်း ၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)