“ခြင်ကျားလောက်လမ်းကင်းစင်ရေးလှုပ်ရှားမှု Campaign” ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဇမ္ဗူသီရိ ဩဂုတ် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ယာများ တွင် “ခြင်ကျား လောက်လမ်းကင်းစင်ရေးလှုပ်ရှားမှု Campaign” ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီက ကျင်းပခဲ့ရာ နေပြည်တော်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာ၊ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာက “ခြင်ကျားလောက်လမ်း ကင်းစင်ရေးလှုပ်ရှားမှု Campaign” ပြုလုပ်မည့်အစီအစဉ်များအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ “ခြင်ကျား လောက်လမ်းကင်းစင်ရေးလှုပ်ရှားမှု Campaign” အား မြို့နယ်အတွင်း ရပ်ကွက် (၉) ခုရှိ ဝန်ထမ်းအိမ်ယာများတွင် ဩဂုတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ခြင်များ ခိုအောင်းနိုင်သည့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းနှင့်  ပြည်သူ့ကျန်းမာရေး အသိပညာပေး အဆင့်မြှင့်တင်ခြင်း ဗီနိုင်ပိုစတားများအား ကပ်ခြင်းများကို ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)