သုံးခွ ဩဂုတ် ၅
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရဲနွဲ့ကျေးရွာ သဘာ၀ရေပြင်ရိုးချောင်းနှင့် အမှတ်(၉)ရပ်ကွက် မှော်၀န်းချောင်းအတွင်း ယမန်နေ့ နံနက် ၉ နာရီအချိန်က ငါးသားပေါက်အကောင်ရေ (၇၅၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ငါးသယံဇာတ မပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစာသုံးမှုမြင့်မား လာစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပေးရာ တွင် ရန်ကုန်-သံလျင်သွားကားလမ်းမဘေး ရဲနွဲ့ကျေးရွာတာထိပ် သဘာ၀ရေပြင် ရိုးချောင်းအတွင်း လေးထောင့်ကန်စခန်းမှ ထိုင်းငါးခုံးမငါးသားပေါက် အကောင်ရေ (၂၅၀၀၀၀)၊ လှော်ကားစခန်းမှ ငါးအကောင်ရေ (၂၅၀၀၀၀)နှင့် အမှတ် (၉) ရပ်ကွက် မှော်၀င်းချောင်းအတွင်းသို့ လေးထောင့်ကန်စခန်းမှ ထိုင်းငါးခုံးမ ငါးသားပေါက်အကောင်ရေ (၂၅၀၀၀၀)၊ စုစုပေါင်းငါးအကောင်ရေ (၇၅၀၀၀၀) ငါးမျိုးစိုက် ထည့်ပေးခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင် ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင်၊ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ အဖွဲ့၀င် (၁)ဗိုလ်မှူး သန်းဇော်လင်းနှင့် အဖွဲ့၀င်များ၊ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့် ၀န်ထမ်းများ၊ ဌာနဆိုင်ရာ၀န်ထမ်းများ၊ လေးထောင့်ကန်စခန်း တာ၀န်ခံ ဒေါ်သင်းသင်းခိုင်နှင့် ၀န်ထမ်းများက သဘာ၀ရေပြင်ရိုးချောင်းနှင့် မှော်၀န်းချောင်းအတွင်းသို့ ငါးသားပေါက်များလွှတ်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်