မိုင်းဆတ်မြို့၌ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဘိန်းအစားထိုး ဒေသကြက်မျိုးများ ထောက်ပံ့ပေးအပ်

မိုင်းဆတ် ဩဂုတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဘိန်းအစားထိုး ဒေသကြက်မျိုးများ ထောက်ပံ့ပေးအပ်ခြင်းကို ဆိုက်ခေါင်ကျေးရွာရှိ အိမ်ထောင်စု (၁၀)စုအတွက်  ဒေသကြက်မျိုး (၁၀၀)ကောင်ကို ယနေ့နံနက် (၁၀)နာရီ ကထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက ​  ဒေသခံမိသားစုများ၏ လူမှုစီးပွားဘဝတိုးတက်စေရန်၊ အခြားမူးယစ်ဆေးနှင့် ပတ်သက်သည့် လုပ်ငန်းများတွင် ပါဝင်ခြင်းမပြုရန်၊ အခြေခံဒေသစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား အခြေခံကျကျ လုပ်ဆောင်သွားနိုင်ရန်ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ကျေးရွာနေပြည်သူများ အလုပ်အကိုင်နှင့် စီးပွားရေး အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ဒေသကြက်မျိုးများ ပိုမိုတိုးပွားအောင် မွေးမြူစေလိုကြောင်း၊ ကြက်အကောင်ရေတိုးပွားလာပါက မိသားစု တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းက ဘိန်းအစားထိုး ဒေသကြက်မျိုးပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းနှင့် တာဝန်ရှိသူတို့က တစ်အိမ်ထောင်လျှင်ဒေသကြက်ဖတစ်ကောင်နှင့် ကြက်မ(၉)ကောင်ဖြင့် ဆိုက်ခေါင်ကျေးရွာရှိ အိမ်ထောင်စု(၁၀)စု လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။       

“ကျွန်တော်တို့ ဆိုက်ခေါင်ကျေးရွာက ဒေသခံတွေအတွက် ထောက်ပံ့ပေးတဲ့ဒေသကြက်တွေကို ထပ်မံတိုးပွားအောင် ကြိုးစားပြီးမွေးမြူသွားမှာပါ၊ အခုလိုထောက်ပံ့ပေးတဲ့ သက်ဆိုင်ရာ လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ဆိုက်ခေါင်ကျေးရွာမှ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

မြင့်မောင်(ပြန်/ဆက်)