သရက်ချောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

သရက်ချောင်း သြဂုတ် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ပန်းတောအခြေခံပညာ မူလတန်း(လွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးနှင့် ဝန်ထမ်းများ၊  ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေလင်းဦးနှင့် ဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေလင်းဦးနှင့်ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော ဘေး(၉)ဘေးအကြောင်း သိကောင်းစရာများ၊ လူကြောင့်ဖြစ်သော ဘေး အန္တရာယ်များ အကြောင်းကို ဟောပြောဆွေးနွေးခဲ့၍ သရုပ်ပြခြင်း၊ ကျောင်းသား/သူများနှင့် အပြန်အလှန် ဆွေးနွေးခြင်းနှင့် မေးခွန်းများ မေးမြန်းခြင်းများ ဆောင်ရွက်ကာ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲ​ရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် အသိ ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဗီနိုင်းများကို ဆရာ၊ဆရာမများအား ပေးအပ်ကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သားကြီး(သရက်ချောင်း)