ရမည်းသင်း ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ လူပွဲစားများ ဖြားဆောင်စည်ရုံမှု၊ လူကုန်ကူးခံသူများ ပြန်လည်လက်ခံခြင်းနှင့် မိဘရပ်ထံ ပြန်လည်အပ်နှံခြင်း၊ လူကုန်ကူးခံရသူများအား နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းနှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပေးခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရာတွင် ပြည်သူများမှ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ခြင်းဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေကြစေရန် စသည်တို့ကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံစာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်၊ စာစောင်များ ပြသရာ ပညာ့ဂုဏ်ရည် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများမှ လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မှတ်သားထားကြကြောင်း သိရသည်။
ဇော်ဝင်းအောင် (ပြန်/ဆက်)