မိတ္ထီလာမြို့နယ်တွင် စာအုပ်စာစောင်ချစ် မြတ်နိုးသူများအဖွဲ့နှင့် အခြေခံပညာကျောင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းအခမ်းအနား ကျင်းပ

မိတ္ထီလာ ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စာအုပ်စာစောင်ချစ် မြတ်နိုးသူများအဖွဲ့နှင့် အခြေခံပညာကျောင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း   သိရသည်။

ရှေးဦးစွာ စာအုပ်စာစောင်ချစ် မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌ စာရေးဆရာတင်တော်က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက  ပညာဆိုတာ ဘာလဲ၊ စာဖတ်ခြင်း အကျိုးကျေးဇူး၊ စာပေသုံးမျိုးအကြောင်း၊ စိတ်အဟာရအတွက် စာဖတ် ပါ၊ လောကသာရကဗျာအကြောင်း၊ ဘေဘီလုံမှာ အချမ်းသားဆုံးပုဂ္ဂိုလ်နှင့် အောင်မြင်သူတိုင်း စာဖတ်ကြသည့် စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ ၎င်းဆွေးနွေးခဲ့မှုအပေါ် စာအုပ်စာစောင်ချစ် မြတ်နိုးသူများအဖွဲ့ဥက္ကဋ္ဌ စာရေးဆရာတင်တော်က ပြန်လည်သုံးသပ်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းသို့မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (BOOK CLUB)မှ  အဖွဲ့ဝင်များ ၊ စာပေချစ်မြတ်နိုးသူများ၊ မြို့နယ်အတွင်းရှိ  အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၄)၊ အ.ထ.က (ခွဲအောင်ဇေယျာ)နှင့် အ.လ.က(၂)မှ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)