လားရှိုးမြို့တွင်း လမ်းဖြတ်တံတားများတည်ဆောက်ခြင်းနှင့် ရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်စေရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး

လားရှိုး ဩဂုတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့တွင်းလမ်းဖြတ်တံတားများ တည်ဆောက်ခြင်းနှင့်ရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ယမန်နေ့ညနေ (၅)နာရီအချိန်တွင် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

လားရှိုးမြို့တွင်းရှိ မြို့တော်ခန်းမအဝိုင်းပတ်မှ လားရှိုးကြီးမီးပွိုင့်အထိ သိန္နီလမ်းအတိုင်း အိုရီယမ်တယ်ဟိုင်းဝေးကုမ္ပဏီမှပြုလုပ်နေသော လမ်းသားချဲ့ထွင်ခြင်း၊ လမ်းအခြေခံလွှာခင်းခြင်း၊ AC လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းဖြတ်တံတားများ၊ ရေမြောင်းများတွင်ရေစီးရေလာကောင်းမွန်စေရေး၊ မိုးတွင်းကာလများတွင် ရေကြီးရေလျှံဖြစ်ပေါ်နိုင်သည့် ရေမြောင်းများအား စနစ်တကျ မြောင်းများပြန်လည်ချဲ့ထွင်နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ  ဦးကျော်ဇင်က လိုက်လံရှင်းလင်းပြသသည်။

မိုးရာသီတွင် တောင်ကျချောင်းရေများကြောင့် ရေကြီးရေလျှံမှုအန္တရာယ်များမှ ကာကွယ်နိုင်ရန်အတွက် လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့တွင်းလမ်းများရှိရေမြောင်းများအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူတူးဖော်ခြင်း၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ၊ လမ်းဖြတ်တံတားများ တည်ဆောက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)