ကျောက်ဆည် ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများဖွံ့ဖြိုးတိုးတက်ပြီး လူနေမှုဘဝမြင့်မားတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပြီး ၂၀၂၂-၂၀၂၃-ခုနှစ်ဘဏ္ဍာနှစ်၌ အောင်ချမ်းသာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)လုပ်ငန်းများဆောင်ရွက်ပေးခြင်းကြောင့် လူမှုဘဝ များ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေ၊လုပ် အား(၅၃)သိန်းကျပ်ဖြင့် အရှည်(၆၆၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆) လက်မရှိ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်းနှင့် လမ်းအရည်အသွေးကောင်းမွန်ရေး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကျေးရွာတွင်းလမ်းများကွန်ကရစ်ခင်းပြီးပါက အောင်ချမ်းသာကျေးရွာမှ အိမ်ခြေ(၇၅)အိမ်၊ လူဦးရေ(၃၃၄)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများပိုမိုဖွံ့ဖြိုးတိုးတက်လာတော့ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)