နန့်မွန်းမြို့၌ အထက်ဘက်မှ မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေများ လျှံတက်လာပြီး မြို့ပေါ် ရပ်ကွက်များအတွင်း လူနေအိမ်များတွင် ရေများဝင်ရောက်၍ ကားလမ်းအချို့နေရာများတွင် ရေကျော်ဖုံးလွှမ်း

မိုးညှင်း ဩဂုတ် ၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ယနေ့ နံနက် (၆)နာရီခန့်က အထက်ဘက်မှ မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် နန့်မွန်းချောင်းနှင့် နန့်သာအင်းချောင်းများမှ ရေများလျှံ တက်လာပြီး နန့်မွန်းမြို့ပေါ်ရပ်ကွက်များရှိ အနိမ့်ပိုင်းလူနေအိမ်များအတွင်း ရေများဝင်ရောက်၍ ကားလမ်း အချို့နေရာများတွင် ရေကျော်ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေများဝင်ရောက်ခဲ့ရာတွင် နန့်မွန်းမြို့ပေါ် ရပ်ကွက်(၁)၊ ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)ရှိ အနိမ့်ပိုင်း အတွင်း လူနေအိမ်များထဲသို့ ရေအနက်(၂)ပေကျော် (၃)ပေခန့် ရေများဝင်ရောက်ပြီး၊ ဟိုပင်-နန့်မွန်း-ညောင်ပင်သွား ကားလမ်းအချို့နေရာတွင် ရေအနက်(၁)ပေကျော် (၂)ပေခန့်နှင့် နန့်မွန်း-အုန်းစံဆိုင်-ဘီလူးသွား ကားလမ်းအချို့နေရာတွင် ရေအနက်(၈)လက်မခန့် ရေများဖုံးလွှမ်း လျက်ရှိရာ နံနက်(၁၁)နာရီခန့် တွင် အဆိုပါရေများ တစ်ဖြေးဖြေးကျဆင်းလျက်ရှိကြောင်း နန့်မွန်းမြို့ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ထို့အတူ နန့်မွန်းကျေးရွာအုပ်စုနှင့် ဟဲပုကျေးရွာအုပ်စုအတွင်းရှိ ချောင်းရေများ လျှံတက်လာမှုကြောင့် မိုးစပါး စိုက်ဧရိယာများအတွင်း ရေများဝင်ရောက်ဖုံးလွှမ်းမှုကို သက်ဆိုင်ရာ ကျေးရွာအုပ်စုများမှ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက ထိုခိုက်ပျက်စီးမှုများရှိမရှိ ကွင်းဆင်းစစ်ဆေး၍ စာရင်းများပြုစု ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)