ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ရာနှုန်းပြည့်ထိုးနှံ

ငါန်းဇွန်  ဩဂုတ် ၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်း အဖွဲ့များက ဇွန်လ ၃ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့ရာ ယနေ့တွင် မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူဦးရေ ရာနှုန်းပြည့် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးရာတွင် ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်း (၁၂၇) ကျောင်းမှ ကျောင်းသားကျောင်းသူ(၇၇၂၆)ဦးနှင့် ဘက(၁၀) ကျောင်းမှ ကျောင်းသားကျောင်းသူ (၁၆၆)ဦး စုစုပေါင်းအခြေခံပညာ ကျောင်း(၁၃၇)ကျောင်းတွင် ကျောင်းသားကျောင်းသူ (၇၈၉၂)ဦးရှိရာ ယနေ့တွင် (၁၁၂)ဦးထိုးနှံပေးခဲ့သဖြင့် ဇွန် ၃ ရက်နေ့မှ ယနေ့အထိ စုစုပေါင်း(၇၈၉၂)ဦး  ရာနှုန်းပြည့် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။    

သက်နောင်ဦး(ငါန်းဇွန်)