ဒဂုံတက္ကသိုလ်ရှိ တက္ကသိုလ် ဆရာ၊ ဆရာမကျောင်းသား/သူများနှင့် ဝန်ထမ်းများ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် Booster (Covishield) ဆက်လက်ထိုးနှံ

ဒဂုံအရှေ့  ဩဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်ရှိ  ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ဆေးရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရန် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covishield)အား ဒဂုံတက္ကသိုလ်ကျောင်း၌ ယနေ့နံနက်ပိုင်း အချိန်က ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဒဂုံတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ရုံး ဝန်ထမ်းများအား Booster (Covid Shield) ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒဂုံတက္ကသိုလ်မှ တာဝန်ခံဌာနမှူးများ၊ ဆရာ၊ ဆရာမများ ပါဝင်သော ပူးပေါင်းအဖွဲတို့မှ လိုအပ်သည်များ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

၎င်းနောက် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Covishield) ထိုးနှံပေးရာတွင် ယခင်ဒဂုံတက္ကသိုလ်မှ ကျောင်းသား၊ သူ(၃၆၀)ဦးအား ထိုးနှံပေးခဲ့ပီးဖြစ်၍ ဆက်လက်၍ ဩဂုတ်(၂)ရက်နေ့၌ ထိုးနှံပေးရာတွင် ဆရာ၊ ဆရာမ(၁၉၀)ဦး၊ ကျောင်းသား/သူ(၅၀)ဦးနှင့် ရုံးဝန်ထမ်း(၂၁၆)ဦး စုစုပေါင်း(၄၅၆)ဦး ထပ်မံထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)