ကျောက်ဆည် ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက (၂၃)ကြိမ် မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီများဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ အခြေခံပညာ အဆင့်(၁၀)နှစ်မှ(၁၅)နှစ်၊ (၁၅)နှစ်မှ(၂၀)နှစ်နှင့် ဝါသနာရှင် ဒုတိယအဆင့်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုရရှိသူများမှ မန္တလေးတိုင်းဒေသကြီးတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ဖွင့်ပွဲ၊ ပိတ်ပွဲ ဆောင်ရွက်မည့် အစီအစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက် သွားကြရန် အမှာစကားပြောကြားပြီး ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူးများမှ မြို့နယ်အတွင်းပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ပွဲ အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ခရိုင်/မြို့နယ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီဝင်များမှ အမှတ်ပေးဒိုင်များ သဘင်အစည်းအရုံးဝင်များဖြင့် ပါဝင်ဖွဲ့စည်းဆောင်ရွက်မှု၊ ဘဏ္ဍာငွေဆောင်ရွက်ထားရှိမှု၊ ပြိုင်ပွဲများဆုချီးမြှင့်မည့် အစီအစဉ်များ၊ အခမ်းအနား ပြင်ဆင်ဆောင်ရွက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သတင်းထုတ်ပြန်ရေး၊ ကျွေးမွေးဧည့်ခံရေးဆောင်ရွက်မည့် အစီအစဉ်များကို အသီးသီးဆွေးနွေး ပြောကြားရာခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက ကျောက်ဆည်ခရိုင်အနေဖြင့် အဖွဲ့အစည်းဖြင့် ဝိုင်းဝန်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ အောင်မြင်သည့် အစဉ်အလာကောင်းများ ရှိခဲ့ပါကြောင်း၊ လုပ်ငန်းများအောင်မြင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်